အများပြည်သူအပန်းဖြေနိုင်အောင်ရည်ရွယ်၍ နှစ်စဉ်ကျပ်သိန်း ၂၀၀နီးပါးဝင်ငွေရနေသည့်
ကန်တော်ကြီးအပါအ၀င် ပန်းခြံ၅၀ ကျော်၏ ၀င်ကြေးများကို ၂၀၁၅ခုနှစ်ဧပြီမှစတင်ကာ
အခမဲ့ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပန်းခြံ ၆၃ခုရှိသည့်အနက် လက်ရှိ
အခမဲ့ဝင်ခွင့်ပြုထားသည့် ပန်းခြံအချို့အပါအ၀င် ပန်းခြံ ၅၉ခုကို ၂၀၁၅ခုနှစ်ဧပြီမှစတင်ကာ
ဝင်ကြေးအခမဲ့ပြုလုပ်မည်ဖြစ်ပြီးကျန်ရှိသည့် မြကျွန်းသာ၊မြိုင်ဟေ၀န်၊ပြည်သူ့ရင်ပြင်၊
အာဇာနည်ဗိမာန်စသည့်လေးခုကိုမူဝင်ကြေးဆက်လက်ကောက်ခံမည်ဖြစ်ကြောင်း
သိရသည်။
ကန်တော်ကြီးဥယျာဉ်အားဝင်ကြေးအခမဲ့ရရှိမည်ဟုဆိုရာတွင် ဇေကမ္ဘာကုမ္ပဏီအား
ငှားရမ်းထားသည့် မျှော်စင်ကျွန်းမှလွဲ၍ကျန်ရှိသည့်ဝင်ပေါက်ခုနှစ်ပေါက်မှအခမဲ့ဝင်ရောက်
ခွင့်ရရှိမည်ဖြစ်ကြောင်း၊ အခမဲ့ဝင်ရောက်ခွင့်ပြုမည့် ပန်းခြံ ၅၉ခုစလုံးကို နံနက် ၆နာရီမှ
ညနေ ၆နာရီအထိဝင်ရောက်အပန်းဖြေနိုင်အောင်စီစဉ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အခမဲ့ဝင်ကြေးဟုဆိုရာတွင် လူဝင်ကြေးနှင့် ယာဉ်ဝင်ခများကိုသာအခမဲ့ရရှိမည်ဖြစ်ပြီး စီးပွားဖြစ်ဗီဒီယိုရိုက်ကူးမှုများအတွက်မူ သတ်မှတ်ငွေကြေးပေးဆောင်ရမည်ဟုသိရသည်။
Ref : Daily Eleven
26-10-2014