Tuesday, May 22, 2012

လောင်စာစွမ်းအင် အလုံအလောက်ရှိပေမယ့်စွမ်းအင်ပြဿနာ ကြီးမားနေရတဲ့ မြန်မာနိုင်ငံ

လျှပ်စစ်ဓါတ်အားကို ပြည်တွင်းမှာ ထုတ်ပြီး ပြည်သူတွေ သဘောတူညီမှု မယူဘဲပြည်ပကို ရောင်းစားသွား ခဲ့တဲ့ အရင်စစ်အစိုးရ အပေါ် လူထုက မကျေနပ်ကြပါဘူး။အမြော်အမြင် မရှိဘဲ စီမံခန့်ခွဲသွားခဲ့တယ်လို့ ယူဆကြပါတယ်။ ဒီကိစ္စမှာလျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးဘက်ကတာဝန်ယူခဲ့တဲ့ဝန်ကြီးကိုလည်းလက်ရှိ အရပ်သားအစိုးရခေတ်ထိ တာဝန်ပေးထားတာကိုက လူထု မကျေနပ် မှုကို ပိုမိုမြင့်မားစေပါတယ်။

သူ့နေရာမှာ လူထုသဘောကျနိုင်လောက်တဲ့ အရည်အချင်း မှန်မှန်ကန်ကန် ရှိသူတဦးကိုအစားထိုး လိုက် ရင် လက်ရှိအစိုးရအဖို့ နည်းနည်းတော့ အသက်ရှူချောင်နိုင်စရာရှိပါလိမ့်မယ်။ လူမှန်နေရာမှန် စနစ်ကို စတင် ကျင့်သုံးဖို့ လိုအပ်နေပါပြီ။

လျှပ်စစ်ဓါတ်အား မလုံလောက်မှုတွေ မြန်မာနိုင်ငံရဲ့ မြို့ရွာတိုင်းမှာ နေ့စဉ်ဖြစ်ပျက်နေတာဟာ အစိုးရ အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်မှန်းသမ္မတကအစတာဝန်ရှိသူတိုင်းသိနေကြမှာ ဖြစ်ပါတယ်။အစိုးရ ဘက် ကဖြစ်နိုင်သမျှ ကောင်းအောင်ကြိုးပမ်း ဖြည့်ဆည်း ပေးလာတာတွေလည်း သတိပြုမိပါတယ်။ ဒါပေ မယ့် မနိုင်ဝန်ကိုထမ်းနေရတာကတော့ ရှင်းပါတယ်။

အစိုးရအနေနဲ့စွမ်းအင်လိုအပ်ချက်တခုတည်းအပေါ်မှာတောင်မနိုင်ဝန်ကိုထမ်းနေရရင်အခြားဘက်စုံတိုးတက် အောင်လုပ်ဆောင်ဖို့ကိစ္စတွေမှာအထိုက်အလျောက်အားလျော့နေတော့မှာဖြစ်ပါတယ်။အခြားဘက်မှာအား လုံးကောင်းနေပြီးစွမ်းအင်လိုအပ်ချက်ဘက်က အားနည်းနေပြန်ရင်လည်း တိုးတက်မှုကို နှောင့်နှေးစေ မှာ ဖြစ် ပါတယ်။
အားနည်းနေတဲ့ ကိစ္စတွေအပေါ်မှာ အားမနည်းသယောင်ယောင် ဖုံးဖိဖာထေးတာမျိုးဟာခွင့်လွှတ်နိုင်စရာ မဟုတ်ပါဘူး။ အမှန် တကယ်တိုးတက်မှုလည်း ရမလာနိုင်ပါဘူး။အမှန်အတိုင်း ဝန်ခံပြီး အကောင်းဆုံး လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကိုလူမှန် နေရာ မှန် စနစ်နဲ့ ပွင့်လင်းမြင်သာ တာဝန်ခံ လုပ်ယူကြဖို့သာ လို အပ်ပါတယ်။အစိုးရဝန်ကြီးဌာနတွေရဲ့ နည်းဥပဒေ အမှားတွေ ကို လည်း တချိန်တည်းမှာ ဥပဒေပြု လွှတ်တော်နဲ့ ညှိနှိုင်းပြီး ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။

လျှပ်စစ်ဓါတ်အား ပိုမို ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းနေစဉ် အခြားတဘက်ကလည်းလျှပ်စစ်ဓါတ်အား ခြိုးခြံ ချွေတာရေးကို အရှိန် မြှင့်ပြီး လူထုပညာပေးရေးလုပ်နေရပါမယ်။ သတင်းစာမှာ တိုက်တွန်းနှိုးဆော်ရုံနဲ့ မလုံလောက်ပါဘူး။ လူအများအလွယ်တကူ သိရှိ နိုင်စေမယ့် လူထုလှုပ်ရှားမှု (Awareness campaign) တွေကိုအားပေးနိုင်ရပါမယ်။ အဓိကအကျဆုံးကတော့ တိုက်တွန်းနှိုးဆော် သူ အစိုးရအပေါ် လူထုကလက်ခံ ယုံကြည်အောင် သက်သေပြနိုင်ဖို့သာ ဖြစ်ပါတယ်။ လူထုထောက်ခံမှု မရှိဘဲလူထုကို တိုင်းရေး ပြည်ရာ ကိစ္စတွေမှာ ပါဝင်လာအောင် မလုပ်နိုင်ပါဘူး။

လျှပ်စစ်ဓါတ်အား ခြိုးခြံချွေတာရေးအတွက် မလိုအပ်တဲ့ VIP နေရာတချို့မှာမီးသုံးစွဲမှုကို လျှော့ချဖို့ စီမံသင့်ပါတယ်။ အဲဒီလိုပဲ တနိုင်ငံလုံးအစိုးရဌာနတွေမှာ လျှပ်စစ်ဓါတ် ခြိုးခြံချွေတာရေးကို စံနမူနာ ပြလုပ်ဆောင်ပေးသင့်ပါတယ်။ အရပ်ဘက် ပြည်သူတွေနဲ့ ဝန်ဆောင်မှု စီးပွားရေးကဏ္ဍ ဘက်မှာဖြစ် နိုင် သလောက် လျှပ်စစ်ဓါတ် ခြိုးခြံချွေတာရေးကို နှိုးဆော်တိုက်တွန်းပေးသင့်ပါတယ်။

ဂျပန်နိုင်ငံမှာ ၂ဝ၁၁ ခုနှစ် မြေငလျင်နဲ့ ဆုနမိ ရေလှိုင်းကြောင့်လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုပမာဏ သိသိသာသာ ကျဆင်းခဲ့ရ ပါတယ်။အဲဒီအခါမှာအစိုးရကကမကထလုပ်ပြီး မေတ္တာရပ်ခံနှိုးဆော်တာကြောင့် ဂျပန်တနိုင်ငံလုံး ပြည်သူတွေရောစီးပွားရေး ကဏ္ဍ ဘက်ကပါ ရသလောက် ခြိုးခြံ ချွေတာပေးခဲ့ကြပါတယ်။

အထူးသဖြင့်မနှစ်က နွေရာသီမှာ ဂျပန်အစိုးရရဲ့မေတ္တာရပ်ခံချက်ကို အားလုံးကအလေးအနက် ထားပေး ခဲ့ကြ ပါတယ်။ တချိန်တည်း မှာအစိုးရက ထိုင်းနိုင်ငံက ဂျင်နရေတာမီးစက်ကြီးတွေနဲ့ လတ်တလော အစား ထိုးဖြည့်ဆည်းပေးခဲ့ပါသေးတယ်။ ဒါကြောင့်လိုအပ်ရင်လျှပ်စစ်မီး ဖြတ်တောက်စရာ ရှိမယ်လို့တောင် ကြေ ညာ ချက်ထုတ်ပြန်ခဲ့ပေမယ့် တကယ်တမ်းမှာ ဖြတ်တောက်တာ မရှိခဲ့ပါဘူး။

ဒီနှစ် နွေဦးရာသီမှာလည်း အစိုးရဌာနတွေမှာ အဖြစ်နိုင်ဆုံး လျှပ်စစ်ဓါတ်အားကိုချွေတာသုံးစွဲနေတာကို သတိပြုမိပါတယ်။ အတုယူ စရာ အနေနဲ့ပါ။

မြန်မာအစိုးရအနေနဲ့လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးရေရှည်စီမံကိန်းအတွက်ရန်ကုန်မြို့ကိုအဓိကထားပြီးဂျပန် နဲ့ တောင်ကိုးရီးယား နိုင်ငံတွေနဲ့ဖက်စပ်ပူးပေါင်းဖို့ စီမံထားတာကို ကြိုဆိုလိုက်ပါတယ်။ လတ်တလော လိုအပ်ချက်အတွက်အမေရိကန်ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကလည်းသင့်လျော် တယ်လို့ ဆိုရပါမယ်။ ဒါ့အပြင် အခြားနည်းလမ်းတွေကိုပါ ခုကတည်းက ကြိုတင် စဉ်းစား သုတေသန လုပ်ထား သင့် ပါပြီ။

 ဥပမာ..

1. ရေစွမ်းအင် (Water energy) မှာ ဆည်ရေကနေ လျှပ်စစ်ဓါတ် ထုတ်ယူတာမျိုးသာမကရေလှိုင်းနဲ့ ဒီရေက စွမ်းအင်ထုတ်ယူဖို့၊
2. နေရောင်ခြည် ကောင်းစွာရနိုင်တဲ့ နိုင်ငံဖြစ်လို့ Solar energy ကိုအသုံးပြုဖို့၊
3. ပုံမှန် လေတိုက်အားကောင်းတဲ့ ကမ်းခြေနဲ့ ကမ်းနီးပင်လယ်တွေမှာလေရဟတ်တွေကနေ လျှပ်စစ်ဓါတ်အား (Wind energy) ထုတ်ယူဖို့၊
4. Geothermal energy လို့ခေါ်တဲ့ မြေတွင်းအပူရှိန်ကနေ လျှပ်စစ်ဓါတ်အားထုတ်ယူဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် မီးတောင် ဟောင်းဒေသမှာ ဖြစ်နိုင်စရာရှိပါတယ်။မြေတွင်း Hot rocks တွေကို ရှာဖွေ တွေ့ရှိနိုင်ရင် စွမ်းအင် ထုတ်ယူနိုင်ပါမယ်။

အနည်းဆုံး ရေရှည်စီမံကိန်းအဖြစ် သုတေသနအဆင့်နဲ့ တက္ကသိုလ် ပညာရပ်တွေမှာအားပေးဖို့ စတင် စီမံထားသင့်ပါတယ်။ ကုန်ကျစရိတ်ကြီးမားနိုင်စရာရှိပေမယ့်နောင်နှစ်ပေါင်း ၅ဝ ကနေ နှစ် ၁ဝဝ ထိ ရေရှည်စီမံကိန်းမျိုးကိုပညာရှင်တွေနဲ့တကွ လက်ဆင့် ကမ်း ထားရှိပေးခဲ့သင့်ပါတယ်။

မြန်မာနိုင်ငံဟာ ခေတ်မီတိုးတက်တဲ့ နိုင်ငံတခု ဖြစ်လာနိုင်ဖို့အလားအလာကောင်းနေပါတယ်။ သယံဇာတ နဲ့ ပထဝီ အနေ အထားကောင်းမွန်တယ် ဆိုပေမယ့်ဒါတွေကို အမြော်အမြင်ရှိရှိ ရေရှည်ထိန်းသိမ်း သုံးစွဲ နိုင်ဖို့ လူသာ ပဓါနဖြစ်ပါတယ်။ နိုင်ငံရေး စနစ် ကောင်းပြီး လူမှန်နေရာမှန်သာ ရှိနေမယ်ဆိုရင် ပရဟိတ အားသန်တဲ့ နိုင်ငံသားတွေ ဖြစ်ကြတာအလျောက် အချိန်တို အတွင်း မှာ ဘက်စုံဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ် ပါ တယ်။

လွင်အောင်စိုး
၂၂-၅-၂ဝ၁၂
 

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။