Tuesday, June 26, 2012

အာဏာအလွဲသုံးစားပြုခံနေရခြင်းနှင့်လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုအတွက် တိုင်ကြားခြင်း။

သို့
ပြည်ထဲရေးဝန်ကြီး၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။နေ့စွဲ။ ။၂၃၊ ၆၊ ၂၀၁၂

အကြောင်းအရာ။ ။ အာဏာအလွဲသုံးစားပြုခံနေရခြင်းနှင့်လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု အတွက် တိုင်ကြားခြင်း။
ကျွန်တော်ကိုမြင့်စိုး(၁၄/ဘကလ(နိုင်)၂၆၄၇၂၇)ဘိုကလေးမြို့နယ်ဟေမန်ဒိုင်နယ်အေးရွာ
ကျေးရွာဘိုကလေးမြို့နယ်နေထိုင်သူ)သည်တရားရုံး၏တရားမှုလုပ်ထုံးလုပ်နည်းဆိုင်ရာများနှင့်မဆီလျော်ဘဲပြုကျင့်ခံရခြင်းဒိုင်နယ်ရာအိမ်မှူးဦးမြလွင်နှင့်ဒိုင်နယ်စာရေးကိုမောင်တင့်တို့၏ဥပဒေမဲ့ကြိမ်မောင်းဆဲဆိုရိုက်ပုတ်ခြင်းကြောင့်သွားတစ်ချောင်းကျိုးထိခိုက်ဒဏ်ရာရခြင်းတို့အတွက်နိုင်ငံသားတစ်ဦးအနေနှင့်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်သို့အဖြစ်မှန်တင်ပြတိုင်ကြားအပ်ပါသည်။

ကျွန်တော်သည် ၂၀၀၆ခုနှစ်တွင် ပူးတွဲမိတ္တူပါကိုလှညို(လမုအုတ်ကျေးရွာ) ထံမှငွေကြေးချေးယူ(စပါးဖြင့်) ခဲ့ပါသည်။ ချေးယူစဉ် နှုတ်ကတိဖြင့် တစ်နှစ်လျှင် မူရင်း၏နှစ်ဆ (တင်းတစ်ရာ) ပြန်ပေးရန် ကတိပြုခဲ့ ပါသည်။ ထိုသို့ကတိပြုပြီး အကြွေးမဆပ်နိုင်သဖြင့် ၂၀၀၉ခုနှစ်တွင် အတိုးအရင်းပေါင်း (တစ်ရာ့နှစ်ဆယ့် ငါးတင်း) အထိဖြစ်ခဲ့ရပါသည်။၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် အကြွေးမဆပ်နိုင်၍ အကြွေးအားလုံး ကြေစေရန်အတွက် ကျွန်တော်၏ ယောက်ဖ ဖြစ်သူ(ကိုကျော်စိုး)၏ လယ်ခုနှစ်ဧကကို အကြွေးရှင်ကိုလှညို အား တစ်နှစ်(နှစ်သီး)လုပ်စားရန် နှစ်ဦးနှစ်ဖက်ကတိ ရရှိပြီးနောက် ခွင့်ပြုခဲ့ပါသည်။ ကိုလှညိုသည် စပါး တင်း ခုနှစ်ရာခန့်ရရှိခဲ့ပါသည်။ သို့သော် ၁၂၊၆၊၂၀၀၉ တွင် ရာအိမ်မှူး ဦမြလွင်မှ ကျွန်တော်အားဆင့်ခေါ်၍ “မင်းကိစ္စမင်းရှင်း”ဟုပြောနေစဉ် ဒိုင်နယ် စာရေးကိုမောင်တင့်ရောက်ရှိလာပြီး “မင်းမှာ ပေးစရာ စပါးကို ပေးလိုက်ပါ။ မပေးရင် ဥပဒေအတိုင်းဆုံးမ ရလိမ့်မယ်”ဟု မာန်မဲခြိမ်းခြောက်ပြောဆိုသဖြင့် ကျွန်တော်မှ အထက်ပါသဘောတူညီချက်ကို နှစ်ဦးသဘောတူ အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း ပြန်ပြောရာ ကိုမောင်တင့်သည် ကျွန်တော်အားဆဲဆို၍ “မပေးနိုင်လို့ မရ…ပေးကိုပေးရမယ်”ဟုထပ်ဆင့် ခြိမ်းခြောက် ပြော ဆိုပါသည်။ ထို့နောက် “ငါစာချုပ် ရေးမယ်၊ မင်းလက်မှတ် ထိုးရမယ်” ဟုအတင်းဓမ္မလက်မှတ် ရေးထိုး ခိုင်းပါသည်။ “မင်းလုပ်ခွင့်ပေးထားတာ အတိုးအတွက်ပဲအရင်း အတွက် ကျန်သေးတယ် ထိုးကိုထိုးရမယ်” ဟုအော်ဟစ်ပြောဆိုပါသည်။

၎င်းလက်ရေးနှင့်ရေးထားသောစာချုပ်ကိုသက်သေတင်ပြအပ်ပါသည်။ စာချုပ်တွငင်ပါသည့်အတိုင်း အတိုး အား အခြားသူမှပေးအပ်ရန် ဖြစ်ပြီး အရင်းကို ကျွန်တော်မှပေးအပ်ရန်ဆိုသည်မှာ မဆီလျော်သော အာဏာ အလွဲသုံးစားဖြစ်ကြောင်း စာချုပ်ကိုကြည့်၍ သိရှိနိုင်ပါသည်။ အကြွေးမဆပ်နိုင်သဖြင့် ကိုလှညိုမှ ကျွန်တော် အား ဘိုကလေးမြို့နယ်တရားရုံးတွင် တရားမမှုဖြင့် တရားဆွဲဆိုခြင်းအား သက်သေတင်ပြအပ်ပါသည်။ ကျွန်တော်၏ ရှေ့နေဦးစိန်ဝင်းမှ “ ငါအားလုံး တာဝန်ယူတယ်၊ ရုံးချိန်ကိစ္စငါခေါ်မှလာ” ဟု ပြောသဖြင့် ရုံးချိန်းမသွားခဲ့ပါ။ သို့သော်တရားရုံးမှ ကျွန်တော်အား ဖမ်းဝရမ်းဖြင့် လာဖမ်းခဲ့ပါသည်။ တရားသူကြီးမှာ ဒေါ်ခင်မာဝင်းဖြစ်ပြီးရုံးစာရေး ဒေါ်ကြည်ကြည်နွဲ့မှ ရဲခေါ်ခြင်း၊ လက်ထိပ်ခတ်ခိုင်းခြင်း၊ အချုပ်ခန်းထဲ ထည့် ခြင်း များ ပြုလုပ် ခိုင်းခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်သည် ၂၀၀၈ခုနှစ် နာဂစ်အလွန်ကာလကလည်းလူ့အခွင့်အရေးချိုးဖောက်ခံရမှု ကြုံခဲ့ရဖူးပါသည်။ ကျွန်တော်လုပ်နေစဉ်လယ်ကွင်းရေလျှံနေ၍ပျိုးကြဲမရသောကြောင့်ရေဖောက်ထုတ်ရာအင်းသမားအောင်ထွန်းဦးဒိုင်နယ်စာရေးမောင်တင့်၊ရဲနယ်ထိန်းရဲမြင့်၊ဇော်ဇော်အောင်၊ရဲကင်းတာဝန်ခံကျော်ဇောအောင်တို့မှ ဇရပ်လှကျေးရွာ ပိုက်တဲပေါ်သို့ ကျွန်တော်အား ခေါ်ယူ၍ ၀ိုင်းဝန်းကန်ကြောက် ရိုက်နှက် သောကြောင့် သွားတစ်ချောင်း ကျွတ်ထွက်သွားခဲ့ဖူးပါသည်။

ဒိုင်နယ်စာရေးမောင်တင့်တရားသူကြီးဒေါ်ခင်မာဝင်းရှေ့ဘက်စာရေးဒေါ်ကြည်ကြည်နွဲ့တို့သည်ယခုဖြစ်စဉ်များတွင်ကျွန်တော်၏ရိုးသားမှုအားအင်အားလုပ်ပိုင်ခွင့်တလွဲသုံးနှိပ်ကွပ်ခဲ့ ခြင်းဖြစ်ပါသည်။ကျွန်တော်သည်အကြွေးအဖြစ်ငွေကျပ်ခုနှစ်သောင်းကိုကိုလှညိုအားပေးချေပြီးသော်လည်းတရားရုံးမှတင်းတစ်ရာ(ခုနှစ်သိန်း ခုနှစ်သောင်း) ပေးချေရန် ဆုံးဖြတ်ခဲ့သဖြင့် မတတ်နိုင်တော့သော အခြေအနေဖြစ် ပါသည်။

ထပ်မံတင်ပြလိုက်သည်မှာ ကျွန်တော်ဦးမြင့်စိုးသည် ညီအရင်းဖြစ်သူ ကိုဇော်မင်း၏ ငွေချေးမှုအား မိဘများ စိတ်မချမ်းသာဖြစ်မည်စိုး၍၀င်ရောက်အာမခံယူခဲ့ရခြင်းနှင့်ပတ်သက်သောကိစ္စဖြစ်ပါသည်။ ကိုဇော်မင်း သည် ကိုသန်းထွန်း ထံမှ ငွေမည်မျှချေးခဲ့သည်ကို ကျွန်တော်မသိပါ။ သို့သော်ငွေမဆပ်နိုင်၍ ကျွန်တော်၏ မိဘနှစ်ပါးသည် ညီကိုယ်စား အဖမ်း ခံရမည်ကို စိုးရိမ်သောကြောင့် ကျွန်တော်ဦးမြင့်စိုးမှ အာမခံခဲ့ပါသည်။ ထို့အတွက် တစ်လုံးလျှင် တစ်သိန်းခွဲ ဈေးသတ်မှတ် ထားသော မြင်းကောင်ရေ (၁၃)ကောင်အားရှိ အင်ဂျင် နှစ်လုံးကို ကိုသန်းထွန်းမှကျွန်တော့်အား ဘိုကလေးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခြင်းမတိုင်မီ ပေးအပ် ခဲ့ ပါသည်။အသိ သက်သေများဖြင့် လိုက်လံသယ်ယူပို့ဆောင်ပေးသူ ကိုကြည်စိုး၊(ကွက်သစ်) ရပ်ကွက်၊ ကျွန်တော် ၏ ညီမဖြစ်သူ မစိုးစိုး၊ အင်ဂျင်စက်များကို ကိုသန်းထွန်းအိမ်သို့သယ်ယူ ပို့ဆောင်ပေးသော ရေယာဉ်(ငြိမ်းချမ်းအောင်)၏တာဝန်ခံကိုသန်းမိုးတို့သက်သေရှိပါသည်။ ထို့အပြင် ကျွန်တော်၏တူမ မချိုမာ မှ ကျွေးဆပ်ငွေ အဖြစ် ကိုသန်းထွန်းထံသို့ တစ်သိန်းကျပ်ပေးချေခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော့အား ကိုသန်းထွန်း(ရှေ့နေကိုမျိုးအောင်)မှ ဘိုကလေးမြို့နယ်တရားရုံးတွင်တရားသူကြီးဒေါ်ထားအိခိုင်၏ ရှေ့ မှောက် တွင်တရားစွဲပါ သည်။

၁။ ငွေကြေးချေးယူထားသူ ကာယကံရှင် ကိုဇော်မင်းသည် အေးရွာတွင် နေထိုင်လျက်ရှိကြောင်း ၎င်းအား အမှုဆင့်ခေါ် ခြင်း ဖမ်းဝရမ်းထုတ်ထားခြင်းမရှိကြောင်း၊ ကာယကံရှင်ကိုယ်တိုင် တည်ရှိနေကြောင်း သိပါလျက်နှင့် ကျွန်ူပ်အား တရား စွဲခြင်းသည် ဥပဒေနှင့်မညီကြောင်း

၂။ ငွေကြေးချေးယူခဲ့သည်မှာ တရားရုံးတော်နှင့် တရားသူကြီး၏ရှေ့မှောက်တွင် ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ အကြွေးများ ပြန်ဆပ်ခဲ့ခြင်းသည် တရားရုံးရှေ့မှောက်တွင်ပြုလုပ်ခဲ့ခြင်းမဟုတ် သောကြောင့်တရားမ၀င်ဟု တရား သူကြီး ဒေါ်ခင်မာဝင်းမှ ဆုံးဖြတ်ခဲ့သည်မှာ မျှတမှုမရှိကြောင်း အကြွေးပေးဆပ်ခဲ့ခြင်းနှင့် ပတ်သက်သော သက်သေပုဂ္ဂိုလ်များ တင်ပြခဲ့သော်လည်း ရုံးတော်မှပယ်ချခြင်းသည် မျှတမှုမရှိကြောင်း ကျွန်တော်မှ လျှောက်ထားခဲ့ သော်လည်း တရားသူကြိးဒေါ်ခင်မာဝင်းမှ ငြင်းပယ် ခဲ့သည်မှာ ကျွန်တော့်တွင် တရားဥပဒေရှေ့မှောက် တွင် တန်းတူအခွင့်အရေးမရှိကြောင်း ဆိုလိုခြင်းပင်ဖြစ် ပါသည်။

သို့ဖြစ်ပါ၍ကျွန်တော်၏ နိုင်ငံသားတစ်ဦးအပေါ် ပြည်သူ့ဝန်ထမ်းနှင့် ငွေကြေးအမြတ်ကြီးစားသမားတို့၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် ငဲ့ညာသနားမျှတစွာ ဆုံးဖြတ်ပေးနိုင်ရန် လေးစားစွာမေတ္တာ ရပ် ခံအပ်ပါ သည်။

မိတ္တူကို

၁။ ၀န်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့
၂။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘိုကလေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။
၃။ တိုင်းတရားသူကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး။
၎။ တိုင်းဒေသကြီးရဲမှူးကြီး၊ ဧရာဝတီတိုင်းဒေသကြီး။
၅။ ရဲချုပ် (မြန်မာနိုင်ငံရဲတပ်ဖွဲ့) နေပြည်တော်
၆။ ဥက္ကဌ၊ ပြည်သူ့လွှတ်တော်။
၇။ ဥက္ကဌ၊ ( နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးလူ့အခွင့်အရေးဆိုင်ရာကော်မတီ)
၈။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ် - ၂၇ ပြည်လမ်း၊ ရန်ကုန်မြို့။
၉။ ဥက္ကဌ ( ပြည်ထောင်စုရာထူးဝန်အဖွဲ့)၊ နေပြည်တော်။

လေးစားစွာဖြင့်

ဦးမြင့်စိုး၁၄/ဘ.က.လ (နိုင်) ၂၆၄၇၂၇အေးရွာကျေးရွာ၊
ဟေမာန်ဒိုင်နယ်ဘိုကလေးမြို့နယ်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။