Monday, May 28, 2012

ကမ္ဘာ့ဂင်းနစ် စံချိန်အဖွဲ့မှ ချီးမြှင့်သော စံချိန်သစ်များအား မြန်မာနိုင်ငံမှ အားလုံးရရှိသွားခြင်း

ကမ္ဘာ့ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ကမ္ဘာ့စံချိန်သစ်များကိုထုတ်ပြန်လိုက်ပါသည်။ ထူးခြားချက်မှာ စံချိန် သစ် များအားလုံးကိုမြန်မာနိုင်ငံမှ အားလုံးကိုရရှိသွားခြင်းဖြစ်သည်။

ဤသည်ကိုက ကမ္ဘာစံချိန်သစ်ထပ်မံတင်လိုက်ပြန်သည်။ ၎င်းစံချိန်သစ်များမှာ....

(၁)အာကာသထဲမှကြည့်လျှင်မြန်မာနိုင်ငံအားကမ္ဘာ့အခြားနိုင်ငံများကြးထဲတွင်ထင်ရှားစွာမြင်တွေ့နိုင်သော တစ်ခုထဲသာရှိသောနိုင်ငံအဖြစ်ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။
ရွေးချယ်ရသောအကြောင်းအရင်း။    ။မီးများထိန်ထိန်လင်းနေသောကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် မှောင်မဲနေသောကြောင့်အခြားနိုင်ငံများကိုကျော်လွန်ပြီးအာကာသထဲမှကြည့်လျှင်မြန်မာနိုင်ငံအား ဂုဏ်ယူ ဖွယ်ရာထင်ရှားစွာမြင်တွေ့ရခြင်းရွေးချယ်လိုက်ရခြင်းဖြစ်သည်။

(၂)ကမ္ဘာ့အကောင်းဆုံးအလုပ်အကိုင်အဖြစ်မြန်မာနိုင်ငံ၏အစိုးရအဖွဲ့ဝန်ကြီးရာထူးများအားကမ္ဘာ့စံချိန်သစ် အဖြစ်ရွေးချယ်လိုက်သည်။
ရွေးချယ်ရသောအကြောင်းအရင်း။    ။ဝင်ငွေအလွန်ကောင်းပြီးပြောချင်ရာပြော၊လုပ်ချင်ရာလုပ်လို့ရပြီး တာဝန်လည်းယူစရာမလိုသောကြောင့်ဤလိုအလုပ်မျိုးတခြားနိုင်ငံများတွင်မရှိသောကြောင့်ယခုနှစ်ကမ္ဘာ့စံ ချိန်သစ်အဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ် သည်။( ၃ )  ပြဿနာများအား အလွန်လျှင်မြန်စွာဖြင့်အကောင်းဆုံးဖြေရှင်းပေးနိုင်ဆုံးနိုင်ငံအဖြစ် မြန်မာ နိုင်ငံအား ကမ္ဘာ့ စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။
ရွေးချယ်ရသောအကြောင်းအရင်း။  ။လျှပ်စစ်ဓာတ်အားလွန်စွာနည်းပါးစွာရရှိမှုကြောင့်ပြည်သူများမှ ဖယောင်းတိုင်များထွန်းညှိပြီးအစိုးရမင်းများသတိပြုမိစေရန်ငြိမ်းချမ်းစွာလှည့်လည်ပြီးမိမိတို့၏ဆန္ဒများအား ဖော်ထုတ်ခဲ့ သောကြောင့်လျှပ်စစ်ဓာတ်အား ပေးရေးဌာနသည်အလွန်လျှင်မြန်စွာဖြင့်သတင်းစာ ရှင်းလင်း ပွဲ အားပြုလုပ်ပြီးတာဝန်ရှိသူအရာရှိတစ်ဦးမှ ၎င်းတို့မှာလျှပ်စစ်ဓာတ်အားတကယ်မရှိ၍မပေးနိုင်ခြင်းသာ ဖြစ် ပါကြောင်း၊လျှပ်စစ်ဓာတ်အားရရှိလိုပါက( မိုးနတ်မင်း )ထံတွင်သာဆုတောင်းကြရန် ဟု ပြောကြားရှင်း လင်း၍ ပြဿနာထိရောက်လျှင်မြန်စွာဖြေရှင်းပေးလိုက်ရာ ပြည်သူများမှာ မိမိတို့၏ အထက်တွင်အားကိုး စရာအစိုးရအရာရှိမင်းများသာရှိသည်ဟု ထင်ရာမှ၊ ယခုမူအစိုးရမင်းများ၏ အထက်တွင် ( မိုးနတ်မင်းကြီး )ရှိနေသေးကြောင်း သိရ၍အားတက်သွားပြီး ( မိုးနတ်မင်း ) ထံ ထပ်မံတိုင်တည် ဆုတောင်းရာ ၊ ပြည်သူ များ၏ ဆန္ဒ ပြင်းပြမှုကြောင့် မိုးနတ်မင်းမှာမနေသာတော့လောက်အောင် မိမိထိုင်ရာ ကျောက်ဖျာတင်းမာ လာ၍မိမိ၏ခုံနေရာလေးပျောက်မည်စိုး၍ ငါကိုယ်တော်လည်း အမြန်သတင်းစာရှင်းလင်းပွဲ လုပ်မှ ဖြစ်တော် မူတော့မည်ဟုနှလုံးပိုက်ပြီးသကာလ online သတင်းစာရှင်းလင်းပွဲလုပ်ရန် online ပေါ်တက်၍မိမိ၏  facebook acconunt အားဖွင့်ရာ internet connection မှာကမ္ဘာ့အမြင့်ဆုံးမျှော်စင် ( ၁၀ ) လုံး၏ foundationများချိတ်ဆွဲထားသည့်အလား ယခင်နေ့များထက်ပင် ပို၍လွန်စွာလေးလံနေပြီး (မိုးနတ်မင်း )လည်းလွန်စွာစိတ်ပျက်ပြီး  internet connectionကောင်းလာရန်လည်းမိမိကိုယ်တိုင် ( မိုးနတ်မင်း) ဖြစ်နေသောကြောင့်ဘယ်သူ့ဆီတိုင်တည် ဆုတောင်းရမှန်း မသိဖြစ်နေစဉ် မိဘအလစ်တွင်ချစ်သူ နှင့်ခိုး တွေ့ရန်ခဏလစ်ထွက်လာသည့် မိန်းကလေးနှယ် connection မှာလည်းဝုန်းကနဲဆိုပြီး အနည်းငယ်လေး မြန်လာတုန်း ( မိုးနတ်မင်း)လည်း အမြန်ပင် သတင်းစာရှင်းလင်းပွဲလေးအားလုပ်လိုက်ရသည်။ သတင်းစာ ရှင်းလင်းပွဲ အပြည့်အစုံမှာ "-
မင်းတို့တောင့်တလွန်းလို့ငါကိုယ်ထင်ပြရတာကွ။မင်းတို့ဘာသာမင်းတို့လျှပ်စစ်ဓာတ်အားတွေပိုလျှံတယ် ဆိုပြီးနိုင်ငံခြားကိုစွမ်းအင်တွေ၊ဓာတ်ငွေ့တွေရောင်းစားခဲ့ပြီးခုမှငါ့ဘာလို့လာတောင့်တနေရတာလဲ????? " ဟုinternet connectionကိုကြောက်၍ တိုတို တုတ်တုတ်online သတင်းစာ ရှင်းလင်းပွဲလုပ်၍ပြည်သူ များဖြေရှင်းပေးခဲ့ရသောကြောင့်  ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၄ )     ကမ္ဘာပေါ်တွင် ပါဝါမျက်မှန်များ၊ နားကြားကိရိယာများအများဆုံးတပ်သင့်သော အဖွဲ့များ အဖြစ် သော်လည်းကောင်း၊ မိမိတို့ပြည်သူများပ်ါစာနာသနားကြင်နာတတ်သောသူများအဖြစ်သော်လည်းကောင်း မြန်မာနိုင်ငံမှအစိုးရဌာနများ၊ရဲအရာရှိ များ၊ ၎င်းတို့နှင့် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီအဖွဲ့အစည်းများ၊ လုပ်ငန်း ရှင် များအား ရွေးချယ်လိုက်ရသည်။
ရွေးချယ်ရသော အကြောင်းအရင်း။    ။အထက်ပါအဖွဲ့အစည်းများသည် အလုပ်အလွန်လုပ်သော ကြောင့် အလုပ်၏ပင်ပန်းမှုဒဏ်ကိုခံရပြီး မျက်စိများမှုန်၊နားများလေးသွားသောကြောင့်လားမသိ။ ၎င်းတို့ အဖွဲ့ အစည်းများ၊ ၎င်းတို့အောက်ရှိအဖွဲ့အစည်း  များ၊ ၎င်းတို့နှင့်မကင်းရာမကင်းကြောင်း ပတ်သက်ရာ ပတ်သက်ကြောင်းအဖွဲ့အစည်းများ၊ လူများသည် ပြည်သူများနေထိုင်ရာ ရပ်ကွက်၊ဆိုင်များတွင်းသို့ အုပ်စု လိုက်ဝင်ရောက် ရမ်းကား၊နှောင့်ယှက်ဖျက်ဆီးသည်များကိုပြည်သူများမှတိုင်ကြားသော် လည်း၊လူပေါင်း များ စွာမှသိရှိ သော်လည်း၊အထက်ပါအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊လူပုဂိုလ်များသည်၎င်းတို့ မသိပါ၊ မမြင်ပါ၊မကြားပါဟုပြောကြားဖြေရှင်းခြင်း၊သာမာန်ရန်ဖြစ်မှုပါဟုပြောကြားပြီးမသိချင်ယောင်ဆောင်နေသည် ကိုတွေ့ရှိရခြင်း။
သာမာန်ရိုးရိုးပြည်သူပြည်သားများကိုမူ၊အာဏာရှင်များ၊ ၎င်းတို့နှင့်မကင်းရာမကင်းကြောင်း ပတ်သက်ရာ ပတ်သက် ကြောင်းအဖွဲ့အစည်းများမှလည်းကောင်း ၊အနိုင်ကျင့်၊ ဖိနှိပ်နှိပ်စက်သည့်ဒဏ်ကိုမခံနိုင်၍ အဆုံး ပြည်သူများမှ  ငြိမ်းချမ်းစွာဆန္ဒပြခြင်း ကိုမူဆူပူနှောင့်ယှက်ဖျက်ဆီးသူများဟုသော် လည်းကောင်း၊အကြမ်း ဖက် အဖွဲ့အစည်းများဟး၍လည်းကောင်း ကင်ပွန်းတပ်၊ ပုဒ်မ၊ ပုဒ်ထီး၊ ပုဒ်အခြောက်၊ပေါင်းစုံ တပ်ပြီး သ ကာ လ ကိုယ့်နိုင်ငံမှ တပ်စရာပုဒ်မကုန်သွား၍ဤလောက်နဲ့အားမရသေးပဲအခြား နိုင်ငံမှပုဒ်မများပါငှား ရမ်းပြီးထပ်တပ်လို့ရပါက ထပ်တပ်ပြီး ဖမ်းရင်ကောင်းမလားဟု စဉ်းစားသေးသော်လည်း၊ ကိုယ့်နိုင်ငံသား မို့ညှာလိုက်ပါ့မယ့်ဆိုပြီးကိုယ့်နိုင်ငံတွင်သာရှိသောပုဒ်မ၊ပုဒ်ထီး၊ပုဒ်အခြောက်လောက်ဖြင့်သာဖမ်းဆီးသည်ကို ထောက်ချင့် ခြင်း အားဖြင့်အထက်ပါအဖွဲ့အစည်းများသည် ပါဝါမျက်မှန်များ၊နားကြားကိရိယာများ အများ ဆုံးတပ်သင့်သောအဖွဲ့အစည်းများအဖြစ်သော်လည်းကောင်း၊မိမိတို့ပြည်သူများအပေါ်စာနာသနားကြင်နာ တတ်သောသူများအဖြစ်သော်လည်းကောင်းရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၅ ) ကမ္ဘာပေါ်တွင် မျှတသောတရားစီရင်ရေးစနစ်ရှိသော နိုင်ငံအဖြစ်မြန်မာနိုင်ငံအား  ကမ္ဘာ့စံချိန် သစ်အဖြစ်ရွေးချယ်လိုက်သည်။
ရွေးချယ်ရသော အကြောင်းအရင်း။    ။ မကြာသေးမီကဖြစ်ပွါးခဲ့သောနာမည်ကြီးမင်းသမီးတစ်ဦးမှ သတင်း ထောက် တစ်ယောက်အား လူပုံအလယ်တွင်ပါးရိုက်ခဲ့သောဖြစ်ရပ်အားအမှုဖွင့်ရာ ပါးရိုက်ခဲ့ သော ဖြစ်စဉ် တွင် လူသက်သေများရှိသော်လည်းတရား စီရင်ရေးအားပိုမိုတိကျစေရန်ကြိုးပမ်းသည့်အနေဖြင့် ဤလောက်နှင့်လက်မခံနိုင်ပဲပိုမိုတိကျစေရန် ဆေးစာယူခိုင်းရာ ဆေးရုံသို့ရောက်သောအခါဒဏ်ရာမရှိ၍ ဆေးစာမရမှာစိုးရိမ်သောကြောင့်ကိုယ့်ပါးကိုယ်ပဲပြန်ရိုက်ပြီးဆေးစာယူရင်ကောင်း မလား၊ ဒါမှမဟုတ်မိမိပါး ကိုရိုက်ခဲ့သောမင်းသမီးကိုပဲတောင်းတောင်းပန်ပန်နဲ့ဆေးရုံသို့ပင့်ဖိတ်ပြီးဆေးစာရေးပေးမည့်တာဝန်ရှိသူ ရှေ့မှောက်တွင်ဆေးစာရအောင်ထပ်ရိုက်ခိုင်းရမလားမသိအောင်ခေါင်းစားသွားစေအောင်အလွန်တရာစေ့ စပ်သေချာသောမှုခင်း စစ်ဆေးပုံကြောင့်သော်လည်းကောင်း၊ဆေးစာရရှိ၍ တရားရုံးသို့ရောက်ရှိသော အခါတွင်လည်းဤလိုအမှုကိုပင်တရားရေးမဏ္ဍိုင်လွဲချော်မည်စိုးရိမ်သောကြောင့်တစ်နှစ်ကျော်အောင်အသေး စိတ်တိတိကျကျမလွဲမချော်ရလေအောင်စစ်ဆေး ပြီးသကာလတရားစီရင်ရေးစနစ်၏အလွန်တရာကောင်း မွန်မှု၊ ဥပဒေများ၏မျှတမှန်ကန်မှုတို့ ကြောင့် တရားခံသည်မည်သို့မျှမငြင်းနိုင်တော့ပဲဥပဒေ၏ ဆုံးမအ ရေး ယူ ခြင်းကိုခံရပြီး ( ဒဏ်ငွေ တစ်ထောင် ) အားပိုးစိုးပက်စက်ပေးဆောင်စေကာ နှောင်းလူများဤသို့ မလုပ်နိုင်စေရန်စံပြစီရင်ထုံးအနေဖြင့်အမိန့်ချမှတ်ခဲ့ပြီးဥပဒေ၏အထက်တွင်ဘယ်သူမှမရှိဟူသော ဆောင် ပုဒ် အတိုင်းဖော်ဆောင်အကောင်အထည်ဖော်နိုင်သောကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၆ ) ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံအားကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။
ရွေးချယ်ရသော အကြောင်းအရင်း။    ။မြန်မာနိုင်ငံတွင် ရောင်းချနေသော phoneများ၊ ကားများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများကိုမြန်မာပြည်တွင်ရောင်းချနေသောဈေးနှုန်းဖြင့်တခြားကမ္ဘာ့နိုင်ငံများတွင် သွားရောက်ရောင်းချပါက ဘယ်သူမှဝယ်ယူနိုင် မည်မဟုတ်ပေ။ ဤသို့တခြားနိုင်ငံတွင်မည်သူမျှ မ၀ယ်ယူ နိုင်သောဈေးနှုန်းဖြင့်ရောင်းချမှုကိုမြန်မာနိုင်ငံသားများသည်ဝယ်ယူနိုင်သောကြောင့် ကမ္ဘာ့အချမ်းသာ ဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံအားရွေးချယ်လိုက် ရခြင်းဖြစ်သည်။

( ၇ ) မြန်မာနိုင်ငံသည် ကမ္ဘာ့အတော်ဆုံး၊ အကျွမ်းကျင်ဆုံးစီးပွါးရေးသမားများပေါ်ထွက်ရာ နိုင်ငံ အဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။
ရွေးချယ်ရသော အကြောင်းအရင်း။    ။အခြားနိုင်ငံများတွင် တစ်ရာ၊တစ်ထောင်လောက်သာ ရနိုင်သော ပစ္စည်းများ၊ ဘယ်သူမှမ၀ယ်မည်စိုး၍သုံးစွဲသူများကို အောက်ကျနောက်ကျခံပြီး မိမိပစ္စည်းသုံး အောင် အလကား ပေးပြီးမနည်းရုံးကန်ယှဉ်ပြိုင်နေ ရခြင်းတို့ဖြင့်မိမိတို့လုပ်ငန်းလည်ပတ်အောင် မနည်း လုပ်နေရသော်လည်း၊ မြန်မာနိုင်ငံတွင်မူထိပ်ပိုင်းတာဝန်ရှိသူအချို့နှင့်  စီးပွါးရေး လုပ်ငန်းရှင်ကြီးအချို့သည် အခြားနိုင်ငံများတွင်တစ်ရာ၊တစ်ထောင်လောက်သာရနိုင်သော ပစ္စည်းများကိုမိမိတို့နိုင်ငံ တွင်အဆ ပေါင်း သောင်းနဲ့ ချီရအောင်ရောင်းပြသွားပြီး၊ စားသုံးသူများမှလည်းဤပစ္စည်းများကို မျက်နှာငယ်လေးများဖြင့် အဟောက်ခံ၊ အဟစ်ခံတိုးဝှေ့ဝယ်ယူရပြီး ရောင်းချသူများ၏ ခြေသလုံးဖက်ပြီးမ၀ယ်ယူရသည် ကိုပင်၎င်း တို့ မှသဘောထားကြီးမား လှပေ သည်ဟုအောင့်မေ့ကျေးဇူးအထူးတငရှိပြီးဝယ်ယူရလေအောင် မိမိတို့၏ စီးပွါးရေးပညာဘယ်လောက်ကျွမ်းကျင်ကြောင်းကိုပြသသွားပြီး၊အခြားကမ္ဘာ့နိုင်ငံများမှ မျက်လုံးအပြူး သား နဲ့အံ့သြမှင်တက်ပြီး လေးစားသွားရလောက်အောင်ပြသနိုင် သောကြောင့်နိုဘယ်လ်ဆု ပေးရေးအဖွဲ့ သည် မြန်မာ့စီးပွါးရေးလုပ်ငန်းရှင်ကြီးများအား ( စီးပွါးရေး နိုဘယ်လ်ဆု )ပင်ပေးရင်ကောင်းမလားဟု နိုဘယ်လ် ဆု ပေးရေးအဖွဲ့ကိုပင်ခေါင်းစားအောင် ပြုလုပ်နိုင်သောကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၈ )စွန့်ပစ်အမှိုက် ပစ္စည်းများအား အလေအလွင့်မရှိရလေအောင်  ကမ္ဘာပေါ်တွင်အကောင်းဆုံး စီမံ ခန့်ခွဲမှုအရှိဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအားကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။
ရွေးချယ်ရသောအကြောင်းအရင်း။    ။တချို့သောနိုင်ငံများသည်မိမိနိုင်ငံတွင်ထားရှိပါကအန္တရာယ်ရှိ သောကြောင့်လည်းကောင်း၊ စွန့်ပစ်စရာနေရာမရှိသောကြောင့်သော်လည်းကောင်း၊အမှိုက်အဖြစ်ဖျက်ဆီး လိုက်ပါ ကလည်းတစ်ပြားမှမရပဲဆုံးရှုံးမည့်အတူတူ၊ဘယ်နိုင်ငံမှမယူသော၎င်းတို့နိုင်ငံ၏အမှိုက်များအား ၊အလကား လည်းစွန့်ပစ်ပြီးသားလည်းဖြစ်၊ပိုက်ဆံလဲရ တစ်ပြားရရ၊ တစ်ပဲရရဆိုပြီးမြန်မာနိုင်ငံ သို့တင်ပို့ လိုက်ရာ မြန်မာအစိုးရအဖွဲ့ဝင်အချို့နှင့်လုပ်ငန်းရှင်အချို့သည်ဤအမှိုက်များအား သိသိကြီးနှင့်သော်လည်း ကောင်း၊ မသိလိုက်မသိဘာသာသော်လည်းကောင်း ပြည်တွင်းတွင် အလေအလွင့်မရှိရလေအောင် စနစ် တကျ စီမံ ခန့်ခွဲပြီးအလေအလွင့်မရှိရောင်းချနိုင်သောကြောင့်စွန့်ပစ် အမှိုက်ပစ္စည်းများအား အကောင်းဆုံး စီမံခန့်ခွဲမှုအ ရှိဆုံး နိုင်ငံ အဖြစ်မြန်မာနိုင်ငံအား ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၉ ) မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဧည့်သည်များနေပျော်ရာ၊ဧည့်သည်အများဆုံး နေထိုင်ရာ နိုင်ငံ အဖြစ်လည်းကောင်း၊ ကမ္ဘာပေါ်တွင်ဤလုပ်ငန်းမှ နိုင်ငံ့ဝင်ငွေအများဆုံးရှာဖွေပေးရာ နိုင်ငံအဖြစ်ကမ္ဘာ့ စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။
ရွေးချယ်ရသော အကြောင်းအရင်း။    ။မြန်မာနိုင်ငံသားများသည်နိုင်ငံသားဆိုသော်လည်း အခြားပြည် နယ်၊ တိုင်းမဆိုထားနဲ့ဦး၊ဟိုဘက်လမ်းနှင့် ဒီဘက်လမ်းညအိပ်ညနေသွားနေလျှင်ပင် ဧည့်စာရင်းတိုင်ရပေ သည်။ ဤသို့ကြောင့် မြန်မာနိုင်ငံသား များသည်နိုင်ငံသားဆိုသော်လည်းဧည့်သည် များဖြစ်နေသော ကြောင့်ဧည့်သည်အများဆုံးနေထိုင်ရာတိုင်းပြည်ဖြစ်ခြင်း။ထိုကြောင့်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအား အား ကိုး စရာမလိုပဲ ဧည့်စာရင်းတိုင်ကြားခ ၀င်ငွေဖြင့်ပင် တိုင်းပြည်အားအခွန်ဝင်ငွေ အား တိုးပွါးအာင် ပြုလုပ် ပေးနိုင်သောကြောင့်အခြားဒီမိုကရေစီနိုင်ငံများ အတုယူ လေ့လာနိုင်စေရန်ဧည့်သည်အများဆုံးနေထိုင်ရာ နိုင်ငံအဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၁၀ ) ကမ္ဘာပေါ်တွင် အပြောနှင့်အလုပ်ညီသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်အရှိဆုံးနိုင်ငံအဖြစ်  မြန်မာနိုင်ငံအားကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။
ရွေးချယ်ရသော အကြောင်းအရင်း။    ။မြန်မာပြည်၏ ကျန်းမာရေး ဌာနမှ၎င်းတို့ကျန်းမာရေးဌာနသည် လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနကဲ့သို့မဟုတ်ပဲအပြောနှင့်အလုပ်ညီသော ဌာနဖြစ်ကြောင်း ၊ဤသည်အား အတည်ပြုပေးပါရန်ဖိတ်ခေါ်သောကြောင့်ကျွန်ုပ်တို့၏ ကမ္ဘာ့ စံချိန်စံညွှန်း စစ်ဆေးရေးအဖွဲ့သည်နိုင်ငံပိုင် ဆေးရုံများ၊ ကျန်းမာရေးဌာနများသို့ရုပ်ဖျက်ပြီးသွားရောက်စစ်ဆေးရာ တကယ်ပင် အပြောနှင့်အလုပ်ညီ သောဝန်ကြီးဌာနအဖြစ် ကျွန်ုပ်တို့ စံချိန်စံညွှန်း စစ်ဆေးရေးအဖွဲ့မှကန့်ကွက်သူမရှိ ချက်ချင်းအသိ အမှတ်ပြုလိုက်ရပေသည်။မပြု၍မဖြစ်ပေ။ ၎င်းတို့၏ ကျန်းမာရေးဝန်ကြီးဌာနဆောင်ပုဒ်ဖြစ်သော  ( "စရိတ် မျှပေး ကျန်းမာရေး " ) ပေါ်လစီကို အောက်ခြေ၀န်ထမ်းမှစပြီးအထက်ဆုံးပုဂိုလ်အထိ လွန်စွာလိုက်နာ ကျင့်သုံးသောကြောင့်ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့မှာအပြန်လေယာဉ်ခကိုပင်သံရုံးမှချေးသွားရသောကြောင့် ပင်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော်ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့သည်ကျန်းမာရေးဌာနများ၊ဆေးရုံဆေးပေး ခန်းများသို့ဝင်ရောက်ရာ ( " စရိတ်မျှပေး ကျန်းမာရေး ")ဆိုသော ဆောင်ပုဒ်အတိုင်းကျွန်ုပ်တို့စစ်ဆေး ရေး အဖွဲ့ သည်တံခါးပေါက်စောင့်ဝန်ထမ်းမှစပြီး အပေါ်ဆုံးအကြီးဆုံးပုဂိုလ်အထိမိမိတို့တွင်ပါလာသော ( ဒင်္ဂါးပြား )လေးများအား မျှပြီးပေးခဲ့ရသောကြောင့်ဖြစ်သည်။ ဆေးရုံမှပြန်ထွက်ခမတောင်းသည် ကိုပင် ကျေးဇူးတင်ခဲ့ရသေးသည်။ထိုကြောင့်မြန်မာပြည်၏ကျန်းမာရေးဌာနများ၊ဆေးရုံဆေးခန်းများ၊ ကျန်းမာ ရေး ၀န်ကြီးဌာနအား အပြောနှင့်အလုပ်ညီသောဌာနအဖြစ် တညီတညွှတ်တည်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

ဤသို့ ဂုဏ်ယူစရာကောင်းသော စံချိန်များ ဆက်လက်ထိန်းသိမ်းနိုင်ရန၊်စံချိန်များ ဒီထက်ပိုမို၍ တိုးတက် စေရန် မြန်မာနိုင်ငံရှိ အထက်ပါစံချိန်ရှင်များသည် ဆက်လက်၍်ကြိုးပမ်းလျှက် ရှိသည်။

ဤသို့ဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ ဂင်းနစ်အဖွဲ့ချုပ်ကြီးမှယခုနှစ်အတွက် ချီးမြှင့်သော ဆုများအားလုံး ကို သိမ်းပိုက်သွားနိုင်သောကြောင့် မြန်မာနိုင်ငံသည် ဤစံချိန်များရရှိအောင်မည်သို့ကြိုးစား အားထုတ်ထား သည် ကို လေ့လာရအောင်အခြားနိုင်ငံများ မှ အစိုးရအဖွဲ့ဝင်များ၊ သံတမန်များ၊ NGOများ၊ ပညာရှင်များ၊ စီးပွါးရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့လာရောက်ရန်ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။

ဒါတင်ဘယ်ကမလဲ..ပျော်စရာအလွန်ပေါသောနိုင်ငံလည်းဖြစ်၏
(1)မီးပြန်လာလျှင်ပျော်ရသည်
(2)ရေတင်လို့ရလျှင်ပျော်ရသည်
(3)ဘတ်စကားချောင်လျှင်ပျော်ရသည်
(4)မီးခွန်..ဘာခွန်..ညာခွန်..သွားဆောင်စဉ် တန်းမစီရလျှင် ပျော်ရသည်

အများထက်ပိုပြီး ထူးခြားသည်မှာ စကားလုံးလှလှလေးများ ကြားရရုံနှင့်ပင်ပျော်ကြရသည်။ ဥပမာ၊ပြုပြင် ပြောင်းလဲရေးဒုတိယအဆင့် (ပထမအဆင့်ဘယ်ဆီနေမှန်းမသိသေး)

အခြားပျော်စရာများ စဉ်းစားမိသူများ ဆက်လက်ဖြည့်စွက်ကြပါကုန်......

by NaungNaung Phoenix

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။