Thursday, June 21, 2012

နိုင်ငံမဲ့ အကြောင်း

နိုင်ငံမဲ့(Stateless) ဆိုတာကို အနည်းငယ် ပြောပြလိုပါတယ်။ မြန်မာတွေပြည်ပကို ထွက်နေတာ အများကြီး ရှိလို့သိသူတွေလည်းအတော်များများရှိကြမှာပါ။

လက်ရှိနိုင်ငံတကာရဲ့အနေအထားမှာဘယ်သူမဆိုအခြားနိုင်ငံတခုကိုတရားဝင်ဝင်ရောက်လာပြီး ရက်ကျော်(Overstay) နေထိုင်ရင်(သို့)ခိုးဝင်(Illegalentry)လာရင်သက်ဆိုင်ရာနိုင်ငံ ရဲ့(သူကြိုက်သလို ရေးဆွဲထားတဲ့)လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ရင်ဆိုင်ရပါတယ်။အဲဒီဥပဒေရဲ့စီရင်ဆုံးဖြတ်ချက်မတိုင်မီ လ-ဝ-ကဥပဒေဘောင် အတွင်းကပဲနေထိုင်ရပါတယ်။

အဲဒါကြောင့် အလုပ်လုပ်ခွင့် မရှိတာတို့၊ လက်ထပ်ရင် အသိပေး /ခွင့်တောင်းရတာတို့၊ အခြားနယ်မြေကို ကူးသန်း သွားလာခွင့် မရှိတာတို့၊ကျောင်းတက်ခွင့် မရတာ၊ ကျန်းမာရေး ခံစားခွင့် မရှိတာ စတဲ့ နိုင်ငံသားတွေ ရတဲ့အခွင့်အရေးမျိုးတွေ မရနိုင်တာကို လ-ဝ-က ဥပဒေ ချိုးဖောက်သူတွေဘက်က အရင်နားလည်ထားရမှာ ဖြစ်ပါတယ်။


ဒုက္ခသည် ရက်ဖြူဂျီ (Refugee) အဖြစ် လျှောက်ခွင့် ရှိတာ / မရှိတာ၊ ခံစားခွင့်ပြုတာ / မပြုတာမျိုးကလည်း နိုင်ငံတခုနဲ့တခု မတူကြပါဘူး။လျှောက်ထားသူတွေကိုလည်း တဦးချင်းမှာ အမှုတခုချင်းအလိုက် (case by case)သီးသန့်စီ အထပ်ထပ် အချိန်ယူ စစ်ဆေးပုံချင်းလည်း မတူပါဘူး။ ဒီလိုကြားကာလတွေမှာလူ့အခွင့်အရေး ခံစားခွင့်တွေကို နိုင်ငံသားတွေနဲ့ တန်းတူမရတာက လက်ရှိနိုင်ငံ တကာရဲ့ အခြေအနေပါပဲ။

လ-ဝ-က ဥပဒေကို ချိုးဖောက်သူမှန်သမျှ ပြည်နှင်ဒဏ် (Deportation)ပေးခံကြရပါတယ်။ မိခင်နိုင်ငံကလက်မခံလို့၊ဒါမှမဟုတ်မိခင်နိုင်ငံက နိုင်ငံရေး(သို့)စီးပွားရေး(သို့)အခြားတခုခုအရ ပြန်လည်လက်မခံနိုင်စရာအကြောင်းရင်းကခိုင်လုံနေရင်တော့ ပြည်နှင်ဒဏ် ပေးလို့ မရတာကြောင့် လက်ခံပေးနိုင်မယ့်တတိယနိုင်ငံကို စီစဉ်ရပါတယ်။ တတိယနိုင်ငံလည်းမရှိဘူးဆိုရင်ရောက်ရှိရာနိုင်ငံမှာပဲ နိုင်ငံမဲ့(Stateless)အဖြစ် နေထိုင်ရပါတယ်။ဒုက္ခသည်အဖြစ် နေထိုင်ခွင့်ရရှိသွားပြီးတာတောင်မှ နိုင်ငံသားမဖြစ်သေးပါဘူး။ဒါဟာလည်း နိုင်ငံမဲ့ (Stateless) ဖြစ်နေတာ တခုပါပဲ။

လ-ဝ-က ဥပဒေ ပေါ့လျော့ရင် ပြည်ပကနေတိုင်းတပါးသားတွေ အစုလိုက် အပြုံလိုက်ဝင် လာနိုင် တာ နိုင်ငံတိုင်းက သိလို့ အတတ်နိုင်ဆုံး ကာကွယ်ကြပါတယ်။ နိုင်ငံကိုကာကွယ်ဖို့ ဆိုတဲ့ အရေးမှာ ပြည်ပစစ်တပ်တွေ ကျူးကျော်ဝင်ရောက်လာတာကို ခုခံဖို့တခုတည်း မဟုတ်ပါဘူး။တရားဝင်လာရောက်ပြီးရက်ကျော်နေထိုင်တာ၊တရားမဝင်ခိုးဝင်တာတွေကို လည်းကာကွယ်ရပါတယ်။ နိုင်ငံရဲ့ဝိသေသလက္ခဏာတွေမပျက်စီးစေရဖို့အပြင်လုံခြုံရေး၊လူမျိုးရေး၊ဘာသာရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးစတဲ့အစစအရာရာကိုကာကွယ်ထားနိုင်ဖို့အသေးစိတ် တွက်ချက်ပြင်ဆင်ပြီးစီမံရပါတယ်။

ပြည်ပမှလာရောက်နေထိုင်သူတွေကလဝကဥပဒေချိုးဖောက်ထားရင် နိုင်ငံတကာမှာလူသားချင်း စာနာထောက်ထားမှုအပိုင်းကိုထည့်တွက်လေ့ရှိကြပေမယ့် နိုင်ငံအလိုက်လူ့အခွင့်အရေးကိစ္စတွေမှာအနိမ့်ဆုံးအဆင့်သတ်မှတ်ပုံချင်းမတူကြပါဘူး။တိုင်းပြည်ရဲ့ ကြွယ်ဝချမ်းသာမှု၊စာနာမှု၊မိမိနိုင်ငံရဲ့တန်ဖိုးကိုထိန်းသိမ်းမှု၊စိုးရိမ်ကြောင့်ကျစရာ အနေအထားတို့အပေါ်မှာ မူတည်ရုံသာမက လ-ဝ-ကဥပဒေ ချိုးဖောက်သူတွေရဲ့ ရည်ရွယ်ချက်၊ တန်ဖိုး အနေ အထား စတဲ့အကြောင်းအမျိုးမျိုးတို့အပေါ်မှာလည်း မူတည်ပါတယ်။


ဒါကြောင့် ပြည်ပကလာရောက်ပြီးလဝကဥပဒေချိုးဖောက်ထားသူတွေအတွက်လူ့အခွင့် 
အရေးကိစ္စတခုတည်းကို ရှေ့တန်းတင်ထားလို့မရနိုင်ပါဘူး။ဒုက္ခသည်အဖြစ်လျှောက်ထားရတဲ့အကြောင်းရင်းတွေကိုအမှန်အတိုင်းတင်ပြဖို့၊ဥပဒေဘောင်ဝင်ဖို့ဆိုတာတွေကလည်းသိပ်အရေးကြီးပါတယ်။လူကုန်ကူးတာ (Human trafficking) တွေကလည်းမဖြစ်မနေတားဆီးရတဲ့အရေးကြီး   ပြဿနာတခု ဖြစ်နေပါတယ်။ ပြောစရာတွေကများလွန်းလှပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်နေတဲ့ကိစ္စတွေမှာ သေချာတာကတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေ ကို ခေတ်စနစ်နဲ့ အညီ အသင့်တော်ဆုံးဖြစ်အောင် ပြန်လည်စိစစ် ပြင်ဆင်ဖို့လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဝန်ထမ်း အနေအထားကိုလည်း အလားတူ စိစစ်ပြင်ဆင်စီမံထားဖို့ လိုပါလိမ့်မယ်။ နယ်ခြားဒေသတွေကနေ တရားမဝင် ခိုးဝင်လာသူတွေကိုတားဆီးဖို့ လိုအပ်ရင် စစ်တပ်၊ ရဲ စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေကိုလည်း ခတ်စနစ်နဲ့အညီ အကောင်းဆုံး ဖြစ်သင့်ပါတယ်။ ဒီလိုပဲနိုင်ငံသားဖြစ် မှု အပေါ်မှာ တိုင်းပြည်ရှေ့ရေးကို မျှော်တွေး ကြံဆပြီး အမြဲတမ်းအကောင်းဆုံး ဖြစ်နေသင့်ပါတယ်။

လွင်အောင်စိုး

၂၁-၆-၂ဝ၁၂

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။