Wednesday, June 27, 2012

ဂျပန် နှင့် Japanization

မြန်မာစစ်အစိုးရအဆက်ဆက်ဂျပန်နိုင်ငံထံကချေးယူထားခဲ့တဲ့ကြွေးမြီဂျပန်ယန်းငွေဘီလီယန်၃၀၃.၅ဘီလီယံ(အမေရိကန်ဒေါ်လာ၃ဒသမ၇ဘီလီယံ)လျှော်ပစ်ပေးခဲ့တဲ့ဂျပန်အစိုးရဟာသူတို့ကိုယ်တိုင်ဂျပန်နိုင်ငံ တင်ရှိနေတဲ့ကြွေးမြီပြဿနာကိုဖြေရှင်းဖို့ကျိုးစားရင်း  အစိုးရ အတွင်း သဘောထားကွဲလွှဲမှုတွေ ဖြစ်ပေါ်နေတာကြောင့် လက်ရှိအစိုးရ ၀န်ကြီးချုပ် နိုဒါ အစိုးရ ဆက်လက်ရပ်တည်မှု ဟာ  စိမ်ခေါ်မှုတွေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောဆိုနေကြတယ်။
 တိုင်းပြည်အတွင်း ရောင်းဝယ်ခွန် ( Sales Tax) တိုးမြင့်ကောက်ခံခြင်းဖြင့် ဂျပန်နိုင်ငံက တင်ရှိနေတဲ့ ကြွေးမြီတွေ နှင့် သက်ကြီးရွယ်အိုတွေ ကို ဆက်လက်ထောက်ပံ့ ဖြေရှင်း နိုင်ဖို့  အခွန်တိုးမြင့် ကောက်ခံသည့် အဆိုကို ဂျပန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ  ၃၆၃ မဲ၊ ၉၆ ဖြင့် လွှတ်တော် က အတည်ပြုပေးခဲ့ပြီး နောက် အစိုးရအဖွဲ့အတွင်းသဘောထားကွဲလွှဲမှုတွေ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ ယင်းအဆိုပြုချက်ကို  ၀န်ကြီးချုပ်နိုဒါ ရဲ့ဒီမိုကရက်တစ် ပါတီ က လွှတ်တော် ကိုယ်စလှယ် ၅၇ ဦး က ကန့်ကွက်ခဲ့ကြပြီး၊ ၅၄ ဦး က နုတ်ထွက်မယ်လို့ ခြိမ်းချောက်ပြောဆိုနေကြတယ်။ တကယ်လို့ သာ ၅၄ ဦးက နုတ်ထွက်ခဲ့မယ်ဆိုရင် လက်ရှိ ၀န်ကြီးချုပ် နိုဒါရဲ့ ဒီမိုကရက်တစ် ပါတီဟာ အောက်လွှတ်တော်အတွင်း အများစု နေရာ ကို ဆုံးရှုံးသွားမှာဖြစ်ပြီး၊ ၀န်ကြီးချုပ် နိုဒါရဲ့ အစိုးရ အပေါ် အယုံအကြည် မရှိ အဆို လွှတ်တော် အတွင်း တင်သွင်းလာမှာ ဖြစ်တယ်လို့ ခန့်မှန်းနေကြတယ်။

ဝန်ကြီးချုပ်နိုဒါဟာတိုင်းပြည်အတွင်းအခွန်းတိုးမြင့်ကောက်ခံရေးအဆိုကိုလွှတ်တော်အတွင်းမဲခွဲဆုံးဖြတ်ရာမှာအတိုက်အခံတွေကိုထောက်ခံမှုရအောင်စည်းရုံးနိုင်ခဲ့ပေမဲ့၊ကိုယ့်ပါတီရဲ့ လွှတ်တော်ကိုယ်စလှယ်တွေရဲ့ဆန့်ကျင်ကန့်ကွက်ခဲ့မှုနဲ့ရင်ဆိုင်ခဲ့ရတယ်။လက်ရှိဂျပန်နိုင်ငံ ရေးမှာသြဇာအာဏာရှိတဲ့အီချီယိုအိုဇာဝါနဲ့သူ့ကိုထောက်ခံသူတွေကတော့ပါတီကနုတ်ထွက်ဖို့ ခြိမ်းချောက်မှုတွေဖြစ်ပေါ်နေပြီး၊မကြာခင်အထွေထွေရွေးကောက်ပွဲကို ဖြစ်ပေါ်လာဖို့ မျှော်လင့်တယ်လို့ သူကသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့တယ်။

ဂျပန်အစိုးရ ဟာ ကမ္ဘာပေါ်မှာ ကြွေးမြီအများဆုံးတင်ရှိနေတဲ့ နိုင်ငံဖြစ်ပြီး၊ ဂျပန်နိုင်ငံရဲ့ အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၂၁၉ ရာခိုင်နှုန်းရှိနေတယ်လို့ ဂျပန်အစိုးရ က အတည်ပြုထုတ်ဖော်ပြောဆိုခဲ့တယ်။ ဥရောပမှာ ကြွေးမြီပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ဂရိနိုင်ငံက နိုင်ငံရဲ့ အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၁၆၅ ရာခိုင်နှုန်း၊ အီတလီ နိုင်ငံ က အမျိုးသား ကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၁၂၀ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံက အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၇၀ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံက အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့  ၂၄ ရာခိုင်နှုန်း အသီးသီးတင်ရှိနေကြတယ်လို့ ကမ္ဘာ့စီးပွားရေး စစ်တမ်းလေ့လာချက်မှာ သုံးသပ်ထား တာတွေ့ရပါတယ်။

ဂျပန် လွှတ်တော် က အတည်ပြုခဲ့တဲ့ ရောင်းဝယ်ခွန် ( Sales Tax) တိုးမြင့်မှု ဥပဒေ အရ  လက်ရှိ ၅ ရာခိုင်နှုန်း ကနေ ၂၀၁၄ ခုနှစ်မှာ  ၈ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်း သို့ တိုးမြင့်ကောက်ခံသွား မှာဖြစ်ပါတယ်။ အခွန်တိုးမြင့်ကောက်ခံတဲ့ အဆိုကို ဆန့်ကျင်ခဲ့ကြတဲ့ ဂျပန်လွှတ်တော် အမတ်တွေ ကတော့ စီးပွားရေး နာလန်ထူအောင် ကျိုးပမ်းနေတဲ့ အချိန်မှာ စီးပွားရေးကျဆင်းမှု ကို ရှောင်ရှားဖို့  အခွန် တိုးမြင့် ကောက်ခံဖို့ မသင့်သေးဘူး လို့ထောက်ပြကြတယ်။ ဂျပန်စီးပွားရေးလေ့လာသုံးသပ်နေသူ စီးပွားရေးပညာရှင်တွေ ကတော့ အခွန်တိုးမြင့်ကောက်ခံခြင်းဖြင့် လက်ရှိတင်ရှိနေတဲ့ ဂျပန်နိုင်ငံရဲ့ ကြွေးမြီ  ယန်းငွေ ၇၀၉ ထွီလီယံ ( အမေရိကန်ဒေါ်လာ ၈.၈၉ ထွီလီယံ) ကို ကျဆင်းသွားမှာ ဖြစ်တယ်လို့ သုံးသပ်တွက်ချက်ထား ကြတယ်။

တင်ရှိနေတဲ့ တိုင်းပြည်ရဲ့ ကြွေးမြီပဿနာ ကို ဂျပန်အစိုးရ အသီးသီး  က ဒီမိုကရေစီ နည်းလမ်းကျကျ ဂျပန် ပြည်သူတွေရဲ့ ရှေ့မှောက်မှာ ထင်သာမြင်သာရှိရှိ၊ တာဝန်ယူမှုရှိရှိ နဲ့ ဘယ်လိုဆွေးနွေးဖြေရှင်း ကြသလဲဆိုတာကတော့ သင်ခန်းစာယူစရာပါ။ ၀န်ကြီးချုပ်ရာထူးတွေ ကို စွန့်လွှတ်ပြီးတိုင်းပြည်နှင့် ပြည်သူ အကျိုးစီးပွား ကို ရှေ့တန်းတင်ကာ စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ ဂျပန်ဝန်ကြီးချုပ်အားလုံးအတွက် ကတော့ အထူး လေးစားဂုဏ်ယူစရာပါ။

အာရှတိုက် မှာတော့ စီးပွားရေး အားကောင်းတဲ့ ဂျပန် နိုင်ငံဟာ က ဆူနာမီ၊ နျူကလီးယားယိုစိမ့်မှု ပြဿနာ တို့ ကြောင့် စီးပွားရေး နာလန်ထူ လာဖို့ နှစ်အတောကြာ စိမ်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြရ လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ၂၀၀၇ ခုနှစ် ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန်က စပြီး၊ ဂျပန် အစိုးရ အဆက်ဆက် တိုင်းဟာ စီးပွားရေး ပြန်လည် ဦးမော့လာဖို့ နည်းလမ်းပေါင်းစုံ နဲ့ အဖြေရှာခဲ့ကြတယ်။ ဂျပန် ဗဟိုဘဏ်ဟာ စီးပွားရေး အားကောင်းလာစေဖို့ အတိုးနှုန်း ကို သုည ရာခိုင်နှုန်းအထိ လျော့ချခဲ့ကြတယ်။ စီးပွားရေး ပြန်လည်ကောင်းမွန်အောင် နည်းလမ်းပေါင်းစုံနဲ့ အဖြေရှာတာ မအောင်မြင်ကြလို့ ဂျပန် ၀န်ကြီးချုပ် လေးဦး ၅ နှစ် အတွင်း နုတ်ထွက်ခဲ့ကြရတယ်။ ၂၀၀၇ ခုနှစ် က နေ ၂၀၁၁ ခုနှစ် အထိ ၅ နှစ် အတော် အတွင်း ဂျပန်ဝန်ကြီးချုပ် ၅ ယောက် ပြောင်းလဲ ခဲ့ပြီးဖြစ်တယ်။ ဒါကြောင့်မို့ ကမ္ဘာ့နိုင်ငံရေး ကို လေ့လာ သုံးသပ်နေသူတွေကတော့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း  Japanization ဖြစ်လာလိမ့်မယ်လို့ သုံးသပ် ပြောဆိုခဲ့ကြောင်းပါ။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။