Friday, August 3, 2012

ယူကြဦးမလား ငါးထောင်တန်

နေကား ပြင်းပြင်းပူ၏။ ယင်းအပူကား ရှင်မင်းယာ၏ ခြေလှမ်းများကို မဟန့်တားနိုင်ပါချေ။ ရွှင်မြူးလန်းဆန်းနေသော ရှင်မင်းယာ တစ်ယောက်ကား ငါးထောင်တန်တစ်ထပ်ကို လက်ထဲဝယ် ကျစ်ကျစ်ပါအောင် ဆုပ်လျက် ဖလန်းဖလန်းနှင့် ဟမ်းဖုန်းအဝယ်ထွက်လာချေ၏။ယနေ့ ကား ငါးထောင်တန်ဖုန်းများ ပထမဆုံး ရောင်းချသော နေ့ပေတည်း။
.
'အို .. ဘာတဲ့။ ငါးထောင်တန်ဖုန်းတဲ့။ တသက်နဲ့ တကိုယ် ဟမ်းဖုန်းလေးတော့ကိုင်ဖူးတယ် ရှိအောင် ဝယ်ကိုင်လိုက်ဦးမယ်။'
.
ဟမ်းဖုန်းအရောင်းဆိုင်ကြီးကားခမ်းနားလှချေသည်။ဆိုင်တွင်းဝယ် အရောင်စုံ၊ဒီဇိုင်းစုံ ဟမ်းဖုန်းများကား မက်လောက်စရာ ကောင်းလှ၏။ တလက်လက်ထနေသောဒန်ငွေရောင်ဖုန်းလေးကို ငေးကြည့်ရင်း ငါးထောင်တန်ဖုန်း ဆိုတာ ဒါမျိုးလားဟုတွေးလိုက်မိသေးသည်။
.
မကြာပါ။ ကောင်တာတွင် လူစဲ၍ ရှင်မင်းယာအလှည့် ရောက်ပါပြီ။ အရောင်းစာရေးမလေး၏ပေါက်ခါနီး နူဗုံးသဖွယ် မျက်နှာထားကို မဝံ့မရဲကြည့်ရင်း ရှင်မင်းယာခမျာသွားကလေးဖြီးလျက်
.
'အဟီး .. ညီမလေး။ အစ်မ ငါးထောင်တန်ဖုန်း ဝယ်ချင်လို့ ပါ။'
.
'အင်း။ ဒီဘက်ကိုလာ။ ဒီဖောင်ကိုဖြည့်။ ကြိုပြောထားမယ်နော်။ ငါးထောင်ဆိုတာဆင်းမ်ကတ်ဖိုးနော်။ ဖုန်းခက သတ်သတ် ကတ်ဝယ်ထည့်ရတာ။ ရှင်းသလား။'
.
'အင်း .. ရှင်းပါပြီ။ အားလုံး ဘယ်လောက်တုန်း။'
.
'ဆင်းမ်ကတ်က ငါးထောင်၊ ဟမ်းဆက်က သုံးသောင်း၊ ဖုန်းခေါ်ဖို့  ခရက်ဒစ်လိုတယ်။အဲဒါက တကတ်ကို ငါးထောင်။ အားလုံး လေးသောင်းကျတယ်။'
.
တုန်ယင်နေသော လက်ချောင်းကလေးများဖြင့် ငွေလေးသောင်းကို ရေတွက်ပေးလိုက်ရင်းရှင်မင်းယာ၏ ခေါင်းထဲဝယ် စိတ်ကူးများက ကွန့် မြူးလျက် ရှိသည်။
.
'ရောင်စုံ လိပ်စာကတ် လှလှလေး ရိုက်ရမယ်။ စူပါ ဖွဲပြာသည် ပါလေရာ ရှင်မင်းယာ လို့။ ခိခိ။'
.
'ဒေါ်ရှင်မင်းယာ။ ဒီမှာ ဖုန်း ... ။'
.
ငတ်မွတ်နေသော လက်များက အငမ်းမရ ဖုန်းဗူးလေးကို ဖွင့်ကြည့်လိုက်သည်။
.
'အင် .. ဒါကြီးက ဒါကြီးက ဖုန်းလား။ ဂဏန်းတွက်စက်ကြီးနဲ့ တူလိုက်တာ။ ဘေးက နိုဆီခွက် နှစ်လုံးနဲ့ ကြိုးက ဘာလုပ်ဖို့ တုန်း။'
.
'ငါးထောင်တန်လေ အစ်မရယ်။ ဒီလောက်ပဲ ရမှာပေါ့။ ဒီမှာ နံပါတ်ကို နှိပ်၊ ပြီးရင်ဒါလေးကို နားမှာကပ်၊ ဒါလေးကို ပါးစပ်မှာ တေ့ပြီးပြော။'
.
'ညီမ၊ ငါးထောင်တန်ဖုန်းဆိုတာ ဒါ ... ဒါကြီးလားဟင်။'
.
'အစ်မရေ၊ ရွာမရောက်ရင် ရွာမလို ကျင့်ရတယ်တဲ့။ ဖုန်းဆိုတာရွှေလိုရှားတဲ့အရပ်မျိုးမှာ အစ်မပေးတဲ့ပိုက်ဆံနဲ့ ဒါကြီး ရတာပဲ တော်လှပြီ။'
.
'ဟုတ် .. ဟုတ်ကဲ့။ အစမ်း ဆက်ကြည့်မယ်နော်။'
.
'တီ .... တူ တူ တူ'
.
'ပလုတ်တုတ်။ ဖုန်းက ဂဏန်းတလုံးပဲ နှိပ်ရသေးတယ်။ တူ တူ နေပါလား။'
.
'ပိုက်ဆံမရှိလို့ အစ်မ။ ဖုန်းကတ်ထပ်ဝယ်ဖြည့်လိုက်။'
.
'ကဲ .. နောက်တခါ ထပ်စမ်းမယ်။ တီ ... တူ တူ တူ'
.
'ညီမရေ၊ တူတူတူ နေတုန်းပဲ။'
.
'ပိုက်ဆံ မလောက်လို့ ပါဆို။'
.
'မလောက်ရအောင် ငါဝယ်ထည့်နေတာ နှစ်ခါရှိနေပြီဟဲ့။'
.
'ငါးထောင်တန်လေ အစ်မရယ်။ ဂဏန်းတစ်လုံးနှိပ်ရင် ငါးထောင်ကျတယ်။ အစ်မကဖုန်းထဲကို ငွေငါးထောင်ပဲ ထည့်ထားတော့ ဘယ်ဆက်လို့ ရပါ့မလဲ။'
.
'အွင် .. ဒါ.. ဒါဆိုရင် ဖုန်းတခါခေါ်ဖို့  ငါ့မှာ သောင်းနဲ့ ချီပြီးသုံးရမှာပေါ့။ မွဲပါပြီ။ မွဲပါပြီ။'
.
'မမွဲပါဘူး အစ်မရဲ့။ အစ်မရဲ့ ငါးထောင်တန်ဖုန်းက ငါးခေါက်ပဲ ဆက်လို့ ရတာ။ငါးခေါက်ဆက်ပြီးရင် သုံးလို့ မရတော့ဘူး။ ပိုက်ဆံလည်း ဝယ်ထည့်စရာ မလိုတော့ဘူး။'
.
'အွင် .. ဒါဆိုရင် ဈေးသက်သက်သာသာနဲ့ ငါးခေါက်ထက် ပိုဆက်လို့ ရတဲ့ ဖုန်းမျိုးမရှိဘူးလား။'
.
'ရှိတာပေါ့။ ဟိုဘက်မှာ။ လိုင်းမမိ ဖင်ကုန်းအော် ကုမ္ပဏီက ရောင်းတဲ့ဖုန်းတွေ။တစ်လုံး နှစ်သိန်းခွဲတဲ့။ ယူမလား။'
.
'မယူတော့ပါဘူးအေ။ နှစ်သိန်းခွဲဆိုရင် ငါ နှစ် ၂၀ လောက် ဖွဲပြာရောင်းပြီးရှာရမှာအေ့။'
.
ဤသို့ဖြင့် ခဲလေသမျှ သဲရေကျလေသောကြောင့် ရှင်မင်းယာ၏ ဟမ်းဖုန်းအိပ်မက်ကားအစိတ်စိတ်အမွှာမွှာ ကွဲလေတည်း။
.
(ပြည်သူများ၏ ငါးထောင်တန်ဖုန်းအိပ်မက် အကောင်အထည်ပေါ်လာပါစေ။)

by Qing Minya

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။