Saturday, December 21, 2013

အာလိန်ငါးဆင့်တွင် ပြုလုပ်မည့် ကရင်နှစ်သစ်ကူးပွဲတော် CCTV လုံခြုံရေးကင်မရာ တပ်ဆင်မည်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မဟာဆေးဝင်္ဂဘာ အာလိန်ငါးဆင့်ကျောင်းဝင်း
အတွင်း လာမည့် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီ ၁ရက်နေ့၌ ပြုလုပ်ကျင်းပမည့် ကရင်အမျိုးသားနှစ်
သစ်ကူးပွဲတော်တွင်လုံခြုံရေးအတွက် ပထမဆုံးအကြိမ် CCTV လုံခြုံရေးကင်မရာတပ်ဆင် အသုံးပြုသွားမည်ဟု သိရသည်။

နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်)မှ အတွင်းရေးမှူးဖြစ်သူ စောလှထွန်း
က“ဒီနှစ် ကရင် နှစ်သစ်ကူးပွဲတော်မှာ ပွဲတော်လုံခြုံရေးအတွက် CCTV ကင်မရာ လေးလုံး
တပ်ထားဖို့ ရှိပါတယ်။ ပွဲတော် လုံခြုံရေးအတွက် စေ့စေ့စပ်စပ် ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်မှု သဘောမျိုးပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်နေ့သစ်ကူးနေ့ပွဲတော်ကို ကျင်းပနိုင်ရန် နိုဝင်ဘာ ၃၀ ရက်နေ့က မြို့နယ်၊ ခရိုင်၊
တိုင်းဒေသ ကြီးစသည့် အစိုးရအုပ်ချုပ်ရေး အဖွဲ့အစည်းများထံသို့ အဆင့်ဆင့်တင်ပြ
ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရမှ ခွင့်ပြုပေးလိုက်ပြီဖြစ် သည်ဟုလည်း စောလှထွန်းက ဆက်ပြောသည်။

ယခုနှစ်အတွက် ပြုလုပ်မည့် နှစ်သစ်ကူးပွဲတော်တွင် နိုဝင်ဘာလ ၃၁ မှ ဒီဇင်ဘာလ ၂
ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ယခင်နှစ်များကဲ့သို့ပင် အလံတင်အခမ်းအနား၊ ဟောပြော
ပွဲများ၊ ကရင့်ရိုးရာဒုံးပြိုင်ပွဲနှင့် ရိုးရာယဉ်ကျေးမှု အဆိုအကများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်သလို သတင်းနှင့်ပြန်ကြားရေး ပြခန်းများနှင့် ယဉ်ကျေးမှုပြခန်းတို့ကို
လည်း ခင်းကျင်းပြသသွားမည်ဟု သိရသည်။

၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းစားမေးပွဲတွင် ထူးချွန်စွာ
အောင်မြင်သည့် ကရင် ကျောင်းသူကျောင်းသားများနှင့် နိုင်ငံဂုဏ်ဆောင်နိုင်သော ကရင်အားကစားသမားများကို ဂုဏ်ပြုဆုချီးမြှင့်မည် ဖြစ်ကြောင်း ဆုချီးမြှင့်ရေး တာဝန်ခံ နမ့်ခင်ရွှေဝါက ပြောသည်။

“ဆုချီးမြှင့်တာကတော့ ရန်ကုန်တိုင်းထဲမှာရှိတဲ့ ထူးချွန်တဲ့ဘယ်ကရင်မျိုးနွယ်စုကိုမဆို ဆု
ချီးမြှင့်ပါတယ်။ ဒီနှစ်မှာ ၆ ဘာသာကနေ ၁ ဘာသာအထိဆုစာရင်းက ၁၅၀ ကျော်ပါတယ်။
နောက်ပြီး တခြားအဖက်ဖက်က ထူးချွန်တဲ့ ကရင်လူငယ်မောင်မယ်များကိုလည်း အသိပေး အကြောင်းတာရှိရင် ချီးမြှင့်သွားဖို့ရှိပါတယ်”ဟု နမ့်ခင်ရွှေဝါက ကေအိုင်စီသို့ ပြောဆိုသည်။

အင်းစိန်မြို့နယ်ရှိ အာလိန်ငါးဆင့်ကျောင်းဝင်းတွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်ကျင်းလာခဲ့ပြီး ကရင်အများစုနေထိုင်သည့် အလုံမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်များတွင်လည်း ကရင်အမျိုးသားနှစ်သစ်ကူး
ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပလာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ကရင်သက္ကရာဇ် ၂၆၇၇ခုနှစ်၊ သလေလဆန်း ၁ရက်နေ့(ခရစ်နှစ်
၁၉၃၇ခုနှစ်၊ ဇန်န၀ါရီ ၁ရက်နေ့)မှ၍ ကရင်နှစ်သစ်ကူးပွဲတော်ကို စတင်ကျင်းပလာခဲ့ရာ ယခုအချိန်ထိ နှစ်စဉ် သလေလဆန်း ၁ရက်(မြန်မာလ ပြာသိုလဆန်း ၁ရက်)နေ့ရောက် တိုင်း နေရာဒေသအသီးသီးတွင် နေထိုင်ကြသည့် ကရင်လူမျိုးများက ကရင်နှစ်သစ်ကူး ပွဲတော်ကျင်းပကြသည်။


ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း (KIC)

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။