Wednesday, May 30, 2012

ကျောက်ဆည်သံရွာအထက်တန်းကျောင်းမှကျောင်းဆရာမတစ်ဦးအသတ်ခံရမှု

ကျောက်ဆည်မြို့၊လွန်ကျော်အမှတ်(၁)စိုက်ပျိုးရေးခြံမှာနေထိုင်တဲ့ကျောင်းဆရာမဒေါ်နန်းနွံ(ခေါ်) ဒေါ်မြမြ စိန် အား ၂၀၁၂ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ ည ၁၂ နာရီမိနစ် ၂၀ အချိန်ခန့်မှာ အိမ်တွင်းဖောက်ထွင်း ၀င် ရောက်နေသူတစ်ဦး က လည်ပင်းကို ဓားနဲ့ထိုးသတ်တဲ့ အမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဆရာမဒေါ်မြမြစိန်ဟာခင်ပွန်းဖြစ်သူဦးခင်မောင်တင့်(စိုက်ပျိုးရေးခြံလုပ်သားမှူး)နဲ့သားဖြစ်သူတို့နဲ့အတူအိမ် ခန်းထဲမှာအိပ်နေစဉ်အသတ်ခံခဲ့ရတာဖြစ်ပါတယ်။သတ်တဲ့သူဟာအိမ်သားတွေမရှိခိုက်အိမ်ထဲဝင်ပုန်းနေတာ ဖြစ်ပါတယ်။
ညဖက်အိမ်သားတွေအိပ်ပျော်နေချိန်မှာဆရာမရဲ့ လည်ပင်းကဆွဲကြိုးကို ဖြုတ်နေစဉ်မှာ ဆရာမဒေါ်မြမြစိန် လန့်နိုးသွားပြီး အော်ဟစ်အကူအညီ တောင်းတဲ့အတွက် ဓားနဲ့ လည်ပင်းကို ထိုးပြီးထွက်ပြေးသွားခဲ့ တာဖြစ် ပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့တရားခံကိုဖမ်းဆီးရမိဖို့ကြိုးစားလုပ်ဆောင်ခြင်းမရှိခဲ့ပါဘူး။သံရွာ အထက်တန်းကျောင်းကကျောင်းဆရာမတစ်ဦးဖြစ်တဲ့အတွက်ရွာသားတွေကရဲစခန်းကိုအတင်းအကျပ်ဖိအား ပေးတောင်းဆိုမှသာတရားခံကိုရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ရွာသားတွေရဲ့သတင်းပေးချက်နဲ့ ဆက်စပ်သတင်းတွေအရ သတ်တဲ့တရားခံကို နှစ်ပတ်အတွင်းမှာ ဖမ်းဆီး ရမိခဲ့ပါတယ်။လူသတ်တရားခံကတော့ကျော်မောင်း(ခေါ်)အေးမင်းဝင်းအသက်၂၃နှစ်၊အဘဦးသန်းဝင်း(နေ့ စားအလုပ်သမား)ဖြစ်ပါတယ်။လူသတ်သမားကျော်မောင်း(ခေါ်)အေးမင်းဝင်းဟာထောင်ဖောက်ဝရမ်းပြေး တစ်ဦး ဖြစ်တယ်လို့လဲ သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေအနေနဲ့တစ်ခြားသို့သတင်းမပေါက်ကြားဖို့ဖုံးမိထားတဲ့အတွက် ဒီလောက်ကြီးကျယ်တဲ့လူသတ်မှုဟာသတင်းစာတွေ၊ဂျာနယ်တွေမှာဖော်ပြတာမတွေ့ရဘူးလို့သံရွာအထက် တန်းကျောင်းကဆရာတစ်ဦးပြောပြပါတယ်။
အသတ်ခံရတဲ့ဆရာမဟာသိပ္ပံလက်ထောက်အလယ်တန်းပြတစ်ဦးဖြစ်ပြီးအခုလိုရက်ရက်စက်စက် အသတ် ခံရလို့အလွန်ပဲစိတ်မကောင်းဖြစ်မိတယ်လို့အဆိုပါကျောင်းဆရာကပြောပြ ပါတယ်။ ခုချိန်မှာတော့ လူသတ် တရားခံနဲ့ပတ်သက်လို့ရဲတပ်ဖွဲ့ကဆောင်ရွက်မှုတွေထင်ထင်ရှားရှားမတွေ့ရသေးဖူးလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ တွေရဲ့လုပ်ထုံးလုပ်နည်းအတိုင်းတရားခံဆီကငွေသိန်းချီတောင်းပြီးတရားခံကိုထွက်ပြေးခိုင်းလိုက်ပြီလားလို့ လည်း လွန်ကျော်စိုက်ပျိုးရေးခြံ ၀န်ထမ်းတွေကထင်မြင်နေကြပါတယ်။
ရဲအရာရှိတွေအနေနဲ့သူတို့ရဲ့နယ်မြေမှာလူသတ်မှုဖြစ်ပွားရင်အထက်ကအရေးယူအပြစ်ပေးတာခံရမှာစိုးရိမ် ကြောက်လန့်နေကြပါတယ်။ဒါကြောင့်ဒီလိုမျိုးမိုက်မိုက်ရိုင်းရိုင်းသတ်ဖြတ်မှုမျိုးကိုလူသတ်မှုလို့အမှန်အတိုင်း အထက်လူကြီးတွေဆီအစီရင်ခံသလား၊မခံသလားဆိုတာအသတ်ခံရတဲ့ဆရာမဒေါ်နန်းနွံ(ခေါ်)ဒေါ်မြမြစိန် ရဲ့ဆွေမျိုးအသိုင်းအ၀ိုင်းကသိချင်နေကြပါတယ်။
တရားခံကိုဖမ်းဆီးရမိထားပြီဆိုတဲ့သတင်းစကားတစ်ခုကလွှဲလို့တစ်ခြားထွေထွေ   ထူးထူးမသိရတဲ့ အတွက် သူတို့မိသားစုတွေရဲ့ထင်မြင်ယူဆချက်ဟာ မမှားနိုင်ဘူးလို့လဲ ပြောဆိုနေကြပါတယ်။  ။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။