ငယ်စဉ်တောင်ကျေး
ကလေးဘ၀ က “ ပျားရည်တစ်စက်ကြောင့် ပြည်ပျက်တယ်” ဆိုတဲ့ ပုံဝထ္ထု ကလေးတစ်ပုဒ်
ကိုဖတ်ခဲ့ရ ဖူးပါတယ် ။ လူတစ်ယောက် ပျားရည်ဆမ်းတဲ့ မုန့်ကို စားရာက
ပျားရည်စက် တစ်စက် ကြမ်းပေါ်ကျသွားတယ် ။ သူကအမှုမဲ့အမှတ်မဲ့ပေါ့ပေါ့တန်တန်နဲ့သူစား ပြီး ကျ
ကျန်နေခဲ့တဲ့ ပျားရည်စက်ကို မသုတ်ခဲ့မိဘူး ၊ အဲဒီကျနေတဲ့ ပျားရည် စက်ကို
ပုရွက် က လာစားတယ် ။ ပုရွက်ကို အိမ်မြှောင်က ဆင်းပြီးစားတယ် ၊
ထိုအိမ်မြှောင်ကို ကြောင်တစ်ကောင်က ခုတ် တယ် ။ အဲဒီကြောင်ကို ခွေးတစ်ကောင်က
ကိုက် တယ် ။ ကြောင်ပိုင်ရှင်က ကိုက်တဲ့ခွေးကို တုတ်နဲ့ရိုက်တယ် ။
အရိုက်ခံရ တဲ့ခွေး ပိုင်ရှင်က ကြောင်ပိုင်ရှင်ကို ဓါးနဲ့ခုတ်တယ် ။ အဲဒီကနေ
ညီအကို မောင်နှမ ဆွေမျိုးသားချင်းတွေ မိတ်ဆွေတွေ ကျေးကျွန် တွေပါ
ပါဝင်လာကြပြီး ခုတ်ကြထစ်ကြ သတ်ဖြတ်ကြတာ ရွာကနေမြို့ ၊
မြို့ကနေတိုင်းပြည်ပျက်ပါရောဆိုတဲ့
ပုံဝထ္ထုကလေး ပါ ။ ငယ်စဉ်ကတော့ ဘာမှန်းမသိပဲ ဖတ်ခဲ့ဘူးတဲ့အကြောင်းအရာ
ကလေးတစ်ခုအဖြစ်သာ မှတ်ထင်ခဲ့ ရာက အခုတော့မှ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့
ပြဿနာများဟာ အဲဒီပုံပြင်ကလေးများ အသက် ၀င်လာလေသလား လို့ တောင် ထင်မှတ်ရ
ပါတယ် ။
ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ဇွန်လအတွင်း
မီးပွားတစ်ခုကျခဲ့တယ် ။ ရခိုင်အမျိုးသမီးကလေး တစ်ယောက်ကိုအဓမ္မ ကျင့်ပြီး
ရက်စက်စွာ အသတ်ခံရ တဲ့ကိစ္စဟာ နောက်ဆက်တွဲ ပြဿနာတွေကို
ဆိုးဆိုးရွားရွားပေါ်ပေါက်လာစေခဲ့တယ်
။ တစ်ဘက်နဲ့တစ်ဘက် ရက်ရက်စက်စက် သတ်ဖြတ်ကြ ၊ အိမ်တွေ ရွာတွေ
ဘာသာရေးအဆောက်အဦးတွေကို မီးရှို့ ဖျက် ဆီးကြတဲ့ ကြမ်းကြုတ်ရက်စက်မှု
အဖျက်အဆီးစရိုက်များဟာ ကြားရမြင်ရသူတိုင်း ရင်နင့်စရာ ဖြစ်ရပါတယ် ။
အာဏာရှင် စနစ်ဆိုးအောက်မှာ ကမ္ဘာက ၀ိုင်းပယ်ခြင်းကို ခံခဲ့ရတဲ့ နိုင်ငံတစ်ခု
အဖြစ်ကနေ ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင် စတင်ကူးပြောင်းလာခဲ့တဲ့
နိုင်ငံတစ်ခုအဖြစ်နဲ့ ကမ္ဘာက အာရုံ စိုက်လာတဲ့ အချိန်ကာလမှာ ၊အဘက်ဘက်က
နိမ့်ကျယို ယွင်းနေတဲ့ နိုင်ငံ ကို ပြန်လည်ထူထောင်ဖို့ အရှိန်အဟုန်နဲ့
ကြိုးစား ပမ်းစား လုပ်ဆောင်နေတဲ့ အချိန်ကာလမှာ ချိန်ကိုက် ပေါ်ပေါက်လာတဲ့
ဒီပြဿနာများဟာ အလွန် ကို ဆိုးရွားလှပါတယ်။ အခု ဒီဆောင်းပါးဟာ
ပဋိပက္ခဖြစ်ကြတဲ့ဘက်နှစ်ဘက် အကြား ဘယ်သူ မှန်တယ် ဘယ်သူ မှားတယ် ဆိုတာ
ဝင်ရောက်ဆုံးဖြတ်ခြင်း သုံးသပ်ခြင်းမဟုတ်ပါ ။ ဆောင်းပါးရှင် တစ် ယောက်အနေ
နဲ့ ဆုံးဖြတ်ပိုင်ခွင့် လည်း မရှိပါ ။ ဒီလို ပြဿနာတစ်ရပ်ဟာ ဘာကြောင့်
ဒီလောက်ကြီးထွားသွားခဲ့ရသလည်း ၊ ပြဿနာကြီးထွားသွားရတာ ဘယ်သူတွေမှာ တာဝန်ရှိသလည်း ဆိုတာကိုပဲ သုံးသပ်တင်ပြ သွားမှာဖြစ်ပါတယ် ။
ဒီလိုတင်ပြရတာကလည်း နိုင်ငံတော်သမ္မတကြီးရဲ့ (နိုင်ငံတော်သမ္မတရုံးမှ)
၂၀၁၂ခုနှစ် အောက်တိုဘာ ၂၅ရက် နေ့စွဲပါ သတင်းထုတ်ပြန်ချက် ၁/၂၀၁၂ နဲ့ ၂၀၁၂
ခုနှစ် အောက်တိုဘာ ၃၁ရက်နေ့စွဲ ပါ သတင်းထုတ်ပြန်ချက် ၂/၂၀၁၂
တို့ကြောင့်ဖြစ်ပါတယ် ။ သတင်းထုတ်ပြန်ချက် ၁/၂၀၁၂
အပိုဒ် ၆ မှာ “ဤသို့သော အခြေအနေအတွင် တစ်ကျော့ပြန် ဖြစ်ပွားလာသော
ဆူပူအကြမ်းဖက် မှုများသည် နိုင်ငံတော် ၊ နိုင်ငံသားတို့၏
ဂုဏ်သိက္ခာနှင့်အကျိုးစီးပွားကို
ထိခိုက်နစ်နာ စေနိုင်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ တပ်မတော်နှင့်
ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ
တည်ငြိမ်အေးချမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက် သွားမည်ဖြစ်ပါသည် ။
ထို့ပြင် ရခိုင်ပြညနယ်ပဋိပက္ခတွင် နောက်ကွယ် မှ ကြိုးကိုင်လှုပ်ရှားနေသော
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကို
ဖော် ထုတ်၍ ဥပဒေနှင့် အညီထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း
ထုတ်ပြန်ကြေငြာ အပ်ပါသည် ” ဟုဖော်ပြပါရှိသကဲ့သို့ သတင်းထုတ်ပြန်ချက် ၂/၂၀၁၂ အပိုဒ် ၆ တွင်လည်း “လက်ရှိအခြေအနေတွင်ပြည်သူလူထု၏
အသက်အိုးအိမ် စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက်
မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ် ပတ်သက်သူများကို နောက်ကွယ်မှ
ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်မှ
စစ်ဆေး အရေးယူ လျှက်ရှိကြောင်း အသိပေးကြေငြာအပ်ပါသည် ” ဟု
ဖော်ပြပါရှိပါသည် ။ ဒီနေရာမှာ စာရေးသူတင်ပြချင်တာက အဲဒီပဋိပက္ခဖြစ်စဉ်တွေ
ကို မီးပွားအဆင့်မှာတင် ငြိမ်းသေသွားအောင် မဆောင်ရွက်နိုင်ခဲ့ဘဲ
တာဝန်ထမ်းဆောင်မှု ပေါ့လျော့ အားနည်းခဲ့တဲ့ တာဝန်ရှိသူတွေ မီးပွားကလေးကနေ
မီးတောက်ကြီးတစ်ခုဖြစ်သွားစေခဲ့တဲ့ အထိ တာဝန်ပျက်ကွက်ခဲ့သူတွေကိုကော ဘယ်လိုဖော်ထုတ် အရေးယူမှာလည်း ဆိုတဲ့ တာဝန်ရှိမှု ( accountability) နဲ့ တာဝန်ယူမှု ( responsibility) တို့ရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ် ။
တစ်နည်းအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်တို့ရဲ့ စိစစ် ထိမ်းညှိမှု (Check and balance) အကြောင်းတရားဖြစ်ပါတယ်။
အခုဆိုရင် “ပျားရည်တစက်ကြောင့် ပြည်ပျက်” တဲ့ ဇာတ်လမ်းလိုပဲ
ရခိုင်ပြည်နယ်မှာ လူပေါင်းများစွာ အသက် အိုးအိမ် စည်းစိမ်များစွာ
ပျက်စီးဆုံးရှုံးကြရပြီးဖြစ်ပါတယ်
သတင်းများအရ မေလ နှင့် ဇွန်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာများကြောင့်
အသက် ဆုံးရှုံးရသူ (၅၀)ဦး ဒဏ်ရာရသူ (၅၄) ဦး အိမ်ခြေ ၂၂၃၀ နှင့် ဘာသာရေး
အဆောက်အဦး (၁၄)ခု မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ သိရ ပါတယ် ။ အပြစ်မဲ့
ဒေသခံ ပြည်သူလူထု (၆၀၀၀၀) ကျော်တို့ အိုးမဲ့ အိမ်မဲ့ဖြစ်ပြီး ဒုက္ခသည်
ဘ၀ရောက်ခဲ့ကြပါတယ် ။ အေးချမ်းစွာ နေထိုင်လိုကြသူများ
သောကမျက်ရည်ပင်လယ်ဝေခဲ့ရပါတယ် ။“တောင်လဲရာ မြက်ပြတ်” ဆိုသလိုပဲ ကလေးသူငယ်လူမမယ်တွေ အတိ ဒုက္ခ ရောက်ကြရ ပါတယ် ။ ကျောင်းသား/သူ လူငယ်လေးတွေရဲ့ အေးချမ်းစွာပညာသင်ကြားရခြင်းနေ့ရက်များဟာ
မီးတောက်ထဲမှာ လောင်ကျွမ်းပြာကျခဲ့ရပါတယ် ။ ကြားရသူ မြင်ရသူအပေါင်း
နှလုံး စိတ်ဝမ်း ညှိုးနွမ်းပူလောင်ရကြရပါတယ် ။ တစ်စထက်တစ်စမဟုတ်ဘဲ
အရှိန်အဟုန်နဲ့ ကြီးထွားလာတဲ့ပြဿနာများကြောင့်
ရခိုင်ပြည်နယ်အစိုးရက ပြဿနာဖြစ်ပွားရာ မြို့နယ်များမှာ ပုဒ်မ ၁၄၄
ထုတ်ပြန်ခြင်း ၊ နိုင်ငံတော်သမ္မတက ဥပဒေ ကဲ့သို့ အာဏာတည်သည့် အမိန့်ကို
ထုတ်ပြန်ခြင်း စသည်တို့ကို ဆောင်ရွက်ပြီး တည်ငြိမ်အေးချမ်းမှုကို
ပြန်လည်ထိမ်းသိမ်းရတဲ့ အခြေအနေထိ ဆိုက်ရောက်သွားခဲ့ပါတယ် ။ ဒါပေမဲ့ ပြဿနာက
လုံးဝ အေးငြိမ်းမသွားခဲ့ဘဲ ဖွဲမီးလို အတွင်း လှိုက်လောင် နေခဲ့ပါတယ်။
ဒီပြဿနာမီးဟာ တစ်ကျော့ပြန်ပြီး လောင်ကျွမ်းခဲ့ရာက ယခုတစ်ဖန် ကျောက်ဖြူ ၊
မင်းပြား ၊ မြေပုံ ၊ မြောက် ဦး စတဲ့ မြို့များမှာ ပဋိပက္ခများ အကြီးအကျယ်
ဖြစ်ပွားခဲ့ပြီး လူ(၉၀) ကျော် အသက်ဆုံးရှုံးပြီး (၁၃၀) ကျော် ဒဏ်ရာရရှိခဲ့
ရပါတယ် ။ အိုးအိမ် ၅၃၀၀ ကျော် နှင့် ဘာသာရေး အဆောက်အဦး (၈)ခု
မီးလောင်ပျက်စီးပြီး လူဦးရေ ၃၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ကြ ရပြန်ပါတယ်
။ အဲဒီအတွက် နောက်ထပ်တဖန် အရေးပေါ်အမိန့် ထပ်မံထုတ်ပြန်ရတဲ့ အခြေကို
ဆိုက်ရောက်သွားပါတယ် ။ ဒီပြဿနာစတင်ပေါ်ပေါက်လာတဲ့အချိန်ကစလို့
ဘက်ပေါင်းစုံက သူမှားတယ် ငါမှန်တယ်လို့ ပြောကြဆိုကြသံ တွေကလည်း
မီးလောင်ရာလေပင့်သလို ပွက်ပွက် ညံအောင်ထွက်ပေါ်လာပါတယ် ။ တိုင်းရင်းသား နဲ့
တိုင်းရင်းသား မဟုတ်သူ ဆိုတဲ့ ပြဿနာတွေကို ရှေ့တန်းတင်လာကြပါတယ် ။ ဘာသာရေး
ကိုးကွယ်ယုံကြည်မှုတွေကိုပါ ပြဿနာထဲ ဆွဲသွင်းလာတာကိုလည်းတွေ့ရပါတယ်
။ အတိတ်က လုပ်ဆောင်ချက်အမှားတွေကို ပြန်လည်တူးဆွ ဖော်ထုတ်လာတာတွေလည်း
ရှိပါ တယ် ။ ဒါတွေဟာ ပဋိပက္ခများ ဖြစ်တိုင်း ဖြစ်တိုင်းမှာ ပေါ်ထွက်လာတတ်တဲ့
နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ဖြစ်ပါတယ် ။ မီးလောင်ရာလေပင့်ဆိုသလို အင်တာနက်
စာမျက်နှာ တွေပေါ်မှာလည်း ဘယ်သူဘယ်ဝါ မသိသူချင်းရော သိသူချင်းပါ
ပြဿနာရှာကြတာတွေကိုလည်း (Storm in the tea cup) တွေ့ရပါတယ် ။
လူ့အသိုင်းအ၀ိုင်းမှာ ဒီလိုနှမသားချင်းမစာမနာ ကိုယ့်အသွေးအသားထဲကတဏှာရာဂဘီလူးကို မထိမ်းချုပ်နိုင်လို့ ဖြစ်ပွားတဲ့ မုဒိန်းတန္တမှုတွေ မကြာခဏ ပေါ်ပေါက်တတ်ပါတယ်။ အရွယ်ရောက်ပြီးသူမိန်းမပျိုတွေကိုသာမက အရွယ်မရောက်သေးသူမိန်းကလေး များကိုမချန် အရွယ်လွန် မိန်းမအိုတွေကိုပင်အလွတ်မပေးဘဲ သွေးသားသောင်းကျန်းကြသူတွေအကြောင်း သတင်းစာ အစောင်စောင် မှုခင်းဂျာနယ်အစောင်စောင်မှာ
ဖတ်ဘူးကြပါလိမ့်မယ် ။ နောက်ဆုံး ကိုယ့်သမီးအရင်းကိုတောင်
ကိုယ်ပြန်ကျင့်တဲ့ တိရိစ္ဆာန်စိတ်ပေါက် သွားကြတဲ့ အဖေများအကြောင်းလည်း
ဖတ်ဖူးကြားဖူးကြမှာပါ ။လူ့အသိုင်းအ၀ိုင်းမှာ အလွန်စက်ဆုပ်ရွံမုန်း
အော့နှလုံးနာစရာကိစ္စ ဖြစ်ပေမဲ့ ဒီအကြောင်းအရာတွေဟာ ဖြစ်တတ်တဲ့အကြောင်းတွေ
၊တစ်နည်းအားဖြင့် ထူး၍ မဆန်းသော အကြောင်း တရားတွေသာ ဖြစ်ပါတယ်
။ကိုယ်ကျင့်တရားနဲ့(morals) နဲ့ ကိုယ့်ကိုကိုယ်ထိမ်းချုပ်မှု
(self-control) တို့ အားနည်းတဲ့သူတွေ ရှိနေသမျှ ဒီလိုပြဿနာ တွေနဲ့
မကင်းနိုင်ပါဘူး ။ ဒါဟာ မီးပွားတစ်ခုပါ ။ ဒါပေမဲ့ မီးပွားကျတာခြင်း အတူတူ
မြေပျော့ မြေစိုပေါ်ကျတဲ့ မီးပွားနဲ့ သစ်ရွက်ခြောက်ပုံပေါ်ကျတဲ့
မီးပွားတို့ရဲ့ အကျိုးသက်ရောက်မှုတို့ကတော့ ကွာခြားလှပါတယ် ။ အထူးသဖြင့်
ရေနံတွင်း အစပ်က ယမ်းပုံပေါ်ကျတဲ့ မီးပွားတစ်ခုရဲ့ အကျိုးသက်ရောက်မှုကတော့
ကြောက်ခမန်းလိလိ ဖြစ်သွားတော့တာပါပဲ။
ဖြစ်ရပ်တစ်ခု
ဖြစ်ပွားတိုင်းမှာ လတ်တလောအကြောင်းတရားနှင့် အကြောင်းရင်းများ ဆိုပြီးတော့
ရှိစမြဲပါ။ လတ်တလော အကြောင်းရင်းဟာ မီးပွားတစ်စဖြစ်ပြီး ၊
အကြောင်းရင်းကတော့ ရေနံတွင်းအစပ်က ယမ်းပုံပါပဲ ။ ပထမ ကမ္ဘာစစ်
ဖြစ်ပွားခဲ့တာမှာ သြစကြီးယား အိမ်ရှေ့မင်းသား ဖရန်စစ်ဖာဒီနန် နဲ့
ကြင်ယာတော်လုပ်ကြံခြင်းခံရတာ က လတ်တလော အကြောင်းတရားဖြစ်ပေမဲ့ တကယ်တမ်း အကြောင်းရင်းတွေက စက်မှုခေတ်ပြောင်းတော်လှန်ရေးကြောင့်
၊ ကိုလိုနီနယ် အပြိုင်ရှာဖွေမှုကြောင့် ၊လက်နက် အပြိုင် တပ်ဆင်မှုကြောင့်
ဆိုတာတွေကို သမိုင်းဘာသာရပ်မှာ သင်ခဲ့ကြဘူးမှာပါ ။
ဒုတိယကမ္ဘာစစ်ဖြစ်ပွားရတာဟာ ဟစ်တလာကြောင့် ၊ မူဆိုလီနီကြောင့် ၊ နာဇီဝါဒ ၊
ဖက်ဆစ်ဝါဒများကြောင့် လို့ ဆိုနိုင်ပေမဲ့ အကြောင်းရင်းများကို
အသေအချာဖွေရှာကြည့်ရင် ပထမ ကမ္ဘာစစ်မှာ စစ်ရှုံးခဲ့ရတဲ့ ဂျာမန်နိုင်ငံကို
စစ်နိုင်မဟာမိတ် နိုင်ငံတွေက နိုင်ထက်စီးနင်း စာချုပ်များချုပ်ဆိုထားခဲ့တာ
၊ စစ်လျော်ကြေးများ မတရားပေးဆောင်စေခဲ့တာ စတဲ့ နာကျည်းမှု
အကြောင်းရင်းများကို ရှာတွေ့ကြမှာပါ ။ အဲဒီမှာမှ စီးပွားရေးကို
လက်ဝါးကြီးအုပ် ချယ်လှယ် ထား ကြတဲ့ ဂျူးလူမျိုးများကို မုန်းတီးတဲ့စိတ်က
မီးလောင်ရာ လေပင့်ပေး ခဲ့တာ ပါ ။
အခုရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများဟာ ဒီသဘောတရားကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်
။ ခေတ်သမိုင်း အ ဆက်ဆက်မှာ နယ်မြေဒေသ နိုင်ငံတစ်ခုခုက
အခြေချနေထိုင်သူတွေဟာ နိုင်ငံရေးပြဿနာ၊ လူ့အဖွဲ့အစည်း ပြဿနာ၊အသက်မွေး
ဝမ်းကျောင်းအခက်အခဲ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်
ဇာတိကို စွန့်ခွာပြီး အခြားအခြားသော တိုင်းနိုင်ငံများမှာ အခြေပြောင်း
နေထိုင်ကြပါတယ် ။ အဲဒီလို ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းလာသူများဟာ
အလျဉ်းသင့်ရာ ဒေသတစ်ခုခု မှာ အခြေချကြပါတယ် ။ ယခုခေတ်မှာ
အဲဒီလိုရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို
သက်ဆိုင်ရာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က တရားဥပဒေ လုပ်ထုံး
လုပ်နည်းများနဲ့ အညီ နိုင်ငံခြားသား ၊ ဧည့်နိုင်ငံသား ၊ နိုင်ငံသား
စသည်ဖြင့် စိစစ် ဆောင်ရွက်ပေးရပါတယ် ။ ဒီနေရာမှာ မိမိတို့
လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး အာဏာတည်ဆောက်လိုသူတွေ ၊ အကျင့်ပျက်
ကိုယ်ကျိုးရှာ နိုင်ငံ့ဝန်ထမ်းဆိုသူတွေရဲ့ လုပ်ဆောင်မှု တွေဟာ ဒေသခံတိုင်းရင်းသားပြည်သူတွေကို
ထိခိုက်နစ်နာစေခဲ့တယ် ၊ မခံမရပ်နိုင်ဖြစ်စေခဲ့တယ် ဆိုတာကို ဘယ်နည်းနဲ့မှ
မငြင်းနိုင် တဲ့အမှန်တရားဖြစ်ပါတယ် ။ ဖဆပလ ၊ ပထစ ၊ ပမညတ စတဲ့ပါတီတွေ
ပြဿနာပေါင်းစုံ ပေါ်ပေါက်ခဲ့ကြတဲ့ ပါလီမန်ဒီမိုကရေစီ ခေတ် ကတည်းက
နိုင်ငံရေးကစားကွက်တွေထဲမှာ အဲဒီရွှေ့ပြောင်းအခြေချသူတွေ
ကို ထည့်သွင်းခဲ့တာ ကအစ ၊ မဆလပါတီခေတ်က “မူဂျာ ဟေဒင်” ပြဿနာများကအလည် ၊
န၀တစစ်အစိုးရခေတ် မှာ နယ်စပ်ဒေသအာဏာပိုင်တွေနဲ့ အစိုးရ
အဖွဲ့တာဝန်ရှိကြီးကြီးပိုင်း ပုဂ္ဂိုလ် တွေ အထက်အောက်ညှိနှိုင်း ကိုယ်ကျိုးစီးပွားရှာပြီး နိုင်ငံရဲ့နောက်ဖေးပေါက်တံခါး
နဲ့ အရှေ့ပေါက်တံခါးကို သာလာယံဇရပ်လို ဟင်းလင်းဖွင့်ပေးခဲ့တာ အဆုံး ၊
အားလုံးသော အကြောင်းတရားတွေက ဒီပဋိပက္ခကို အပြင်းထန်ဆုံး လောင်ကျွမ်း
ပေါက်ကွဲစေတဲ့ အကြောင်းရင်းများ ဖြစ်ပါတယ် ။ အဲဒီလို လူမျိုးရေးကွဲပြားမှု
ပြဿနာ ၊ ဘာသာရေး ကွဲပြားမှုပြဿနာတွေ အတွင်းကြိတ် အစိုင်အခဲ ဖြစ်နေတဲ့
နေရာဒေသတစ်ခုမှာ နာကျည်းမုန်းတီးစရာကောင်းတဲ့
လူကျင့်ဝတ်ကို အဆိုးရွားဆုံး ဖောက်ဖျက်ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှု တစ်ခု
ပေါ်ပေါက်လိုက်တာက အနှစ်နှစ်အလလက ခိုအောင်းနေခဲ့တဲ့ အကြိတ်အခဲတွေ
ပေါက်ကွဲထွက်လာစေတဲ့ လတ်တလော အကြောင်းတရားတစ်ခု ဖြစ်သွားခဲ့တာပါပဲ ။
ပြဿနာတစ်ခုပေါက်ကွဲနေချိန်မှာ
ပြဿနာရဲ့အကြောင်းရင်းကို အရင်ရှာကြမလားဆိုတာထက် ပြဿနာကို အရင်ငြိမ်သက်
အောင် ဘယ်လိုလုပ်ကြမလဲဆိုတာက အရေးကြီးပါတယ်။ မီးလောင်မှုတစ်ခု
အကြီးအကျယ်ဖြစ်နေချိန်မှာ မီးဘယ်က စလောင်သလည်း ၊ဘာကြောင့် လောင်သလည်း ၊
လောင်မီးလား ရှို့မီးလား ဆိုတာတွေကို အကြောင်းရှာနေဖို့ အချိန်မဟုတ်ပါဘူး ၊
အဓိက က ဘေးပတ် ၀န်းကျင်ကို မီးမကူးစက်ဖို့ နဲ့ အဲဒီမီးကို အမြန်ဆုံး
ငြိမ်းသတ်နိုင်ဖို့ ကြိုးပမ်းအားစိုက်လုပ်ဆောင်ကြရမှာပါ ။ မီးငြိမ်းပြီဆိုမှ ဘာကြောင့် မီးလောင်မှုဖြစ်ပွားတယ်ဆိုတာကို
အဖြေထုတ်ရမှာပါ ။ လူတစ်ယောက် သေနတ်အပစ်ခံရတယ်ဆိုရင် ခြောက်လုံးပူးနဲ့
အပစ်ခံရတာ လား ၊ ပစ်စတိုနဲ့ အပစ်ခံရ တာလား ၊ လုပ်သေနတ်နဲ့ အပစ်ခံရတာလား
အရင်အဖြေရှာနေဖို့ထက် အသက်ကယ်ဖို့ ဆေးရုံ အရင်ပို့ဖို့ လိုအပ်တယ် ဆိုတာ
အားလုံးသိကြမယ့် ကိစ္စ ဖြစ်ပါတယ် ။
အခုလည်း ရခိုင်ကိစ္စမှာ
ဘာကြောင့်ဖြစ်တယ်ဆိုတာကို အရင်ရှာဖို့ထက် ပြည်သူတွေရဲ့
အသက်အိုးအိမ်စည်းစိမ် တွေ နောက် ထပ် မပျက်ပြားရအောင် ငြိမ်းချမ်းရေး
ထိမ်းသိမ်းဖို့နဲ့ တရားဥပဒေ စိုးမိုးဖို့ကို အရင်လုပ်ရပါမယ် ။ အဲဒီလို
ငြိမ်းချမ်းရေးကို ထိမ်းသိမ်းနိုင်ပြီ တရားဥပဒေစိုးမိုးအောင်
လုပ်နိုင်ပြီဆိုမှ ဒီပြဿနာတွေဖြစ်ပွားရခြင်းရဲ့
အကြောင်းရင်း တွေကို မြေလှန်ရှာရပါမယ် ။ အဲဒီအကြောင်းရင်း တွေကိုရှာတွေ့မှ
ပဋိပက္ခမှာ ပါဝင်ပတ်သက်တဲ့ နှစ်ဦးနှစ်ဘက်အကြား ပြေလည်အောင်
ညှိနှိုင်းမှုများနဲ့ ရေရှည်ငြိမ်းချမ်းမှု ၊ တရား ဥပဒေ စိုးမိုးမှုများကို
အခိုင်အမာ တည်ဆောက်နိုင်မှာ ဖြစ် ပါတယ် ။
ဒီဆောင်းပါးမှာ စာရေးသူတင်ပြလိုတာက အပိုင်းနှစ်ပိုင်းဖြစ်ပါတယ် ။ အပိုင်းတစ်ပိုင်းက ရခိုင်ပြည်နယ်ပြဿနာဟာ ဘာ ကြောင့်ဒီလောက်ကြီးထွားသွားခဲ့ရသလည်း ဆိုတာဖြစ်ပြီး နောက်တစ်ပိုင်းကတော့ ဒီလို ပြဿနာကြီးထွားသွားရတာ ဘယ်သူတွေ မှာ တာဝန်ရှိသလည်းဆိုတာပဲ ဖြစ်ပါတယ် ။
ကမ္ဘာပေါ်မှာ စစ်ပွဲတွေ အမြောက်အများ ဖြစ်ပွားခဲ့ပါတယ် ။ ကမ္ဘာကြီးမှာ
စစ်မက်မဖြစ်ပွားခဲ့တဲ့ အချိန်ရယ်လို့ မရှိသလောက် ပါပဲ ။
အဲဒီလိုစစ်ပွဲတွေထဲမှာ သဘောတရားအခြေခံများအရ (၁)အာဏာလု စစ်ပွဲ ၊ (၂)တန်ခိုး
အာဏာချဲ့ထွင်မှု စစ်ပွဲ ၊ (၃)နယ်ချဲ့စစ်ပွဲ ၊ (၄)နယ်မြေလုစစ်ပွဲ ၊
(၅)စီးပွားရေးစစ်ပွဲ ၊ (၆)လူမျိုးရေးစစ်ပွဲနဲ့ (၇)ဘာသာရေး စစ်ပွဲ လို့
ခွဲခြားလေ့လာ နိုင်ပါတယ် ။
အဲဒီလိုစစ်ပွဲတွေအနက်က တိုင်းပြည်တစ်ခု၊မြို့ပြနိုင်ငံတစ်ခုအတွင်းမှာ ဖြစ်ပွားလေ့ရှိတဲ့စစ်ပွဲအများစုဟာ အာဏာလုစစ်ပွဲတွေ ဖြစ်ကြပါတယ် ၊ ပဒေသရာဇ်ခေတ်တွေမှာ အခြားနိုင်ငံပိုင်နက်နယ်မြေများကိုသိမ်းပိုက်တဲ့
တန်ခိုးအာဏာချဲ့ထွင်မှု စစ်ပွဲတွေဖြစ်ပွား တတ်ပါတယ် ။ အင်္ဂလိပ်နဲ့
မြန်မာစစ်ပွဲများဟာ နယ်ချဲ့စစ်ပွဲအမျိုးအစား ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ကြီးဟာ
နယ်မြေလုစစ်ပွဲနဲ့ စတင်ခဲ့ တာ ဖြစ်ပြီး ဒုတိယကမ္ဘာစစ် ကတော့
အင်အားကြီးနိုင်ငံတွေ စီးပွားရေး စားကျက်လုကြတဲ့ စစ်ပွဲဖြစ်ပါတယ် ။
အဲဒီစစ်ပွဲတွေထဲမှာ အရက်စက်အကြမ်းကြုတ်ဆုံးက လူမျိုးရေးစစ်ပွဲအမျိုးအစား ဖြစ်ပြီး ၊ ကာလအရှည်ကြာ ဆုံးနဲ့ အသေအပျောက် အပျက်အစီးအများဆုံး စစ်ပွဲကတော့ ဘာသာရေးစစ်ပွဲအသွင်သဏ္ဍာန် ဖြစ်ပါတယ် ။
ရခိုင်ပြည်နယ် ပဋိပက္ခဟာ လူမျိုးရေးနဲ့စပြီး ဘာသာရေးပါ ရောယှက်လာတဲ့အတွက် ဒီလောက်ကြီးထွားသွားခဲ့ရတယ် လို့သုံး သပ်နိုင်ပါတယ် ။ အထက်မှာတင်ပြခဲ့တဲ့အတိုင်း လူမျိုးရေး စစ်ပွဲတိုင်းဟာ ရက်စက်ကြမ်းကြုတ်တဲ့အသွင်ကို
ဆောင်ပါတယ် ။ ကိုရီးယား ဂျပန်စစ်ပွဲမှာ ၀ါးချွန်နဲ့ထိုးပြီး
ရက်စက်စွာသတ်ဖြတ်ကြတာတွေ ၊ ဒုတိယကမ္ဘာစစ်မှာ ဂျူးတွေကို ဂျာမန်တွေက
ရက်စက်စွာ မျိုးဖြုတ် သတ်ဖြတ်တာတွေ ၊ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းက
ခရိုအေးရှားစစ်ပွဲမှာ အပြစ်မဲ့သူတွေကို ရက်စက်စွာ(သေနတ်နဲ့မပစ်ဘဲ သစ်သား
တင်းပုတ်ဖြင့် ခေါင်းကိုထု)သတ်ဖြတ်တာတွေဟာ
လူမျိုးရေးစစ်ပွဲရဲ့ အနိဌာရုံတွေပါ ။ ရခိုင်ပြည်နယ်မှာ တစ်ဦးနဲ့တစ်ဦး
ရက်ရက် စက် စက် ခုတ်ထစ်သတ်ဖြတ်တာတွေမှာ အဲသည်လို မုန်းတီးမှုတွေ
ရောယှက်ပါဝင်လာတာကို တွေ့မြင်ခဲ့ရပါတယ် ။ ကမ္ဘာပေါ်မှာ ကိုးကွယ်
ယုံကြည်မှုတွေကွဲပြားခြားနားမှုတွေအကြား ဖြစ်ပွားခဲ့တဲ့ ဘာသာရေးစစ်ပွဲ(ခရူးဆိတ်စစ်ပွဲ)ဟာ
အချိန်ကာလအရှည်ကြာဆုံးနဲ့ ကမ္ဘာ့လူ သား များရဲ့ အသက်အိုးအိမ်စည်းစိမ်
ပျက်စိးဆုံးရှုံးမှု အများဆုံး စစ်ပွဲကြီးလို့ သမိုင်းမှတ်တမ်းများက ဆိုပါတယ်
။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခဟာ ဘာသာရေးပြဿနာတွေ ရောယှက်လာတဲ့အတွက်လည်း
အခုလောက် ပြဿနာတွေတာရှည် လာရတယ်လို့လည်း သုံးသပ်နိုင်ပါတယ် ။ ဒါတွေဟာ
ရခိုင်ပြည်နယ် ပဋိပက္ခများရုတ်ခြည်းပြင်းထန်
ကြီးထွားလာရခြင်းရဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ် ။ ဒီအချက်တွေဟာ
အရှိကိုအရှိအတိုင်း မခြွင်းမချန်မကွယ်မ၀ှက် သုံးသပ်တင်ပြတာဖြစ်ပါတယ် ။
တာဝန်ရှိသူများအနေနဲ့ ဒီအချက်တွေကို ခြေခြေမြစ်မြစ်သုံးသပ်နိုင်မှသာလျှင် ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေနိုင်လိမ့်မယ်လို့လည်း ယုံကြည်မိပါတယ် ။
နောက်တစ်ပိုင်းကတော့ ဒီလို ပြဿနာကြီးထွားသွားရတာ ဘယ်သူတွေမှာ
တာဝန်ရှိသလည်းဆိုတာပဲ ဖြစ်ပါတယ် ။ သမ္မတ ကြီး သတင်းထုတ်ပြန်ချက်မှာ
ပါဝင်သလို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့်
အဖွဲ့အစည်းများလည်း ပါဝင် နေလိမ့် မယ် ဆိုတာ ငြင်းချက်မထုတ်လိုပါဘူး ၊
အိမ်တစ်အိမ်မှာ လင်မယားနှစ်ယောက် အခန့်မသင့်လို့ ရန်ဖြစ်ကြရင်တောင်
“နင့်ဘက်က နာလို့ ပြောတာ ၊မင်းဘက်က ငါမခံနိုင်လို့” စတဲ့ တို့မီး ရှို့မီး
အမှောင့်ပယောဂများဝင်တတ်သေးရင်
ဒီလို ပဋိပက္ခမှာ ပွဲလှန့်ပြီး ဖျာခင်းလိုသူတွေ လည်း ရှိနိုင်တယ်ဆိုတာကို
လက်ခံရမှာ ဖြစ်ပါတယ် ။ ဒါပေမဲ့ “မစွမ်းရင်း မရှိရင် ကန်းစွန်းခင်းငြိလည်း
အရေးမဟုတ်ပါဘူး ” အဲဒီ ပြဿနာ မီးပွားစတင်ခဲ့တဲ့ ဒေသဆိုင်ရာ
တာဝန်ရှိသူတွေကသာ မီးပွားကို မီးပွား အဆင့်မှာ ငြိမ်းသတ်နိုင်တဲ့၊
ပြည်သူတွေက ပေးအပ် ထားသော တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်တဲ့
စွမ်းရည်ပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ရင် ဒီပြဿနာ ဒီလောက်ကြီးထွား လာမှာ
မဟုတ် ဘူး လို့ ရှင်းရှင်းလင်းလင်း မြင်ဖို့လိုပါတယ် ။ သမ္မတကြီးပြောတဲ့
နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားမှုနေသော ပုဂ္ဂိုလ်များ နှင့်အဖွဲ့အစည်း များ
ဆိုတာနဲ့ ပတ်သက်လို့ ပြောချင်တာလေးတစ်ခု ရှိပါတယ် ။ အဲဒါကိုတော့
ပုံပြင်လေးတစ်ခုနဲ့ပဲ ဖော်ပြချင်ပါတယ် ။ “ရှေးတုန်းက ကုန်သည်
ခရီးသွားတစ်စုဟာ တောလမ်းခရီးတစ်ခုကိုဖြတ်သန်းလာတုံး
ညနေရိုးရီမှာ ဓါးပြတိုက်ခံရပါသတဲ့။ ပါသမျှ ကုန်စည်တွေရော ရှိစုမဲ့စု
ပစ္စည်းလေးတွေရော အကုန်ပါသွားတာပေါ့ ။ နောက်တနေ့မနက်ကျတော့ ရွာတစ်ရွာကို
ရောက်သွားပြီး အကြောင်းစုံပြောပြလို့အကူအညီတောင်းတဲ့အခါ ရိုးသားကြတဲ့ရွာသူရွာသားတွေကသူကြီးအိမ်ကိုခေါ်သွားပြီး တိုင်ခိုင်းတာပေါ့ အဲဒီမှာ သူကြီးက ဓါးပြအဖွဲ့မှာဘယ်နှစ်ယောက်ပါသလည်း၊ မျက်နှာတွေကိုမှတ်မိလိုက်လား
နဲ့ မေးပြီးအမှုစစ်တယ်။ အဲသည်အခါမှာ ခရီးသည် အဖွဲ့ထဲက ခေါင်းဆောင်အဖိုးအိုက
တုန်တုန်ယင်ယင်နဲ့ ပြောရှာတယ်“ သူကြီးရယ်” တဲ့ “ ဓါးပြတွေက သူကြီးနဲ့
သူကြီးတပည့်တွေ လည်ပင်းမှာ ပတ်ထားတဲ့ မာဖလာမျိုးတွေကို
မျက်နှာတွေမှာစည်းထားတော့ ဘယ်သူဘယ်ဝါတွေမှန်း မသိလိုက်ရပါဘူး” တဲ့ ။
တိုင်းပြည်တစ်ခုမှာ အစိုးရအဖွဲ့ဆိုတာ တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်
စည်းစိမ်များကို ကာကွယ်စောင့် ရှောက်ပေး နိုင်ဖို့ဟာ အဓိကကျသော
တာဝန်တစ်ခုဖြစ်ပါတယ် ။ အဲဒီနည်းတူ တိုင်း/ပြည်နယ် အစိုးရအဖွဲ့များဟာ
မိမိတို့ သက်ဆိုင်ရာ တိုင်း/ပြည်
နယ်အတွင်းရှိ တိုင်းသူ တိုင်းသား ၊ ပြည်နယ်သူ ပြည်နယ်သား များရဲ့
အသက်အိုးအိမ်စည်းစိမ် တို့ကို ကာကွယ်စောင့်ရှောက် ပေးရန်တာဝန်ရှိကြပါတယ် ။
ထိုကဲ့သို့ ပြည်နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေ
စိုးမိုးရေး တာဝန်များကို ထမ်းဆောင်ရန်အတွက် ပြည်နယ်သူ/ သားများ ဘေးကင်းရန်ကွာ ငြိမ်းချမ်းစွာ နေထိုင်၊လုပ်ကိုင်၊စားသောက်နိုင်ရေး တို့အတွက် ထိုပြည်နယ်သူပြည်နယ်သားများ က ရွေးချယ်တင်မြှောက်ပေးထားသော အစိုးရအဖွဲ့ဟာ ၊ အဲဒီလို အသက်အိုးအိမ် စည်းစိမ်ကို မှ အကာအကွယ်မပေးနိုင်လျှင် ဘယ့်အတွက်ကြောင့် ဆက်လက်တာဝန်ထမ်းဆောင်နေကြဦးမှာလဲ ၊ လုပ်ပိုင်ခွင့်နဲ့ အာဏာတော့ယူပြီး တာဝန်မှ မကျေကြရင် ဘာအတွက်ကြောင့် ဆက်လက်တာဝန်ထမ်းဆောင်နေကြဦးမှာလဲ ” လို့ ပြတ်ပြတ်သားသား မေးရမှာ ဖြစ်ပါတယ် ။
အထက်မှာ တင်ပြခဲ့သည့်အတိုင်း အဓမ္မကျင့်သတ်ဖြတ်ခြင်းခံရသူ
အမျိုးသမီးကလေး နှင့် လူမဆန်စွာကျင့်ကြံခဲ့ ကြသူ (၃)ဦး တို့၏
ပြဿနာမီးပွားမှာ ရခိုင် အမျိုးသမီးကလေး နှင့် လူမျိုးခြား (၃)ဦးဟူသော
လူမျိုးရေး ပြဿနာ ၀င် ရောက် မထွေးယှက်ခဲ့ပါလျှင် ၊ ဘာသာရေး ပြဿနာများ သာ
မရောယှက် မဆက်နွယ်လာခဲ့ရင် ဒါဟာ ရဲအရေးပိုင်တဲ့ ရာဇ၀တ်မှုကြီး တစ်ခုသာလျှင်
ဖြစ်ပါလိမ့်မယ် ။ အဲဒီလိုပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ
အမှုအခင်းစတင်ဖြစ်ပွားရာ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့အကြီးအကဲရဲ့
ကိုင်တွယ်ဆောင်ရွက်ပုံ အားနည်းမှုကြောင့် ဒီပြဿနာ ကြီးထွားဖို့ အစပြုတယ်
လို့ ဆိုရမှာဖြစ်ပါတယ် ။ (မိမိ၏ အားနည်းချက်ကို ဖုံးကွယ်လို၍ ပြည်သူတွေရဲ့
ဒေါသနှင့် ဆန္ဒစောမှုများ ကြောင့်ဟု ဆင်ခြေပေး၍ မရပါ) ။
နောက်ထပ်တာဝန်ရှိသူကတော့ ထိုမြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပါတယ် ။
မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ပြဿနာဖြစ်ပေါ်သည်နှင့်တစ်ပြိုင်နာက် ကာယကံရှင်များ ၊ ရပ်မိရပ်ဖများ ဒေသဆိုင်ရာအကြီးအကဲများနဲ့ ညှိနှိုင်းဆောင်ရွက်မှုများကို
ထင်သာမြင်သာရှိစွာ ပြုလုပ်ပြီး ပြဿနာ မီးပွားကို အမြန်ဆုံးငြိမ်းသတ်ရမဲ့
တာဝန်ကို ပျက်ကွက်ခဲ့တယ်လို့ ဆိုရပါမယ် ။ အထူးသဖြင့် မတူကွဲပြားသော
လူမျိုးစုများ ၊ ဘာသာရေး အယူဝါဒကွဲပြားသော လူ့အဖွဲ့အစည်းများ
ယှဉ်တွဲနေထိုင်ရာ အရပ်ဒေသတစ်ခုမှာ တရားဥပဒေ စိုးမိုးမှုကို တာဝန်ယူရတဲ့
ဥပဒေ၀န်ထမ်းများရဲ့ တာဝန်ဟာ အလွန်ပဲ ကြီးလေးလှကြောင်း ၊ လူမျိုးရေး
ဘာသာရေးအသွင်ဆောင်သော ပြဿနာများကို ပေါ့ပေါ့ဆဆ ကိုင်တွယ်ဖြေရှင်း၍
မရနိုင်ကြောင်းကို မဆွကတည်းက သိနားလည် ထားရမှာ ဖြစ်ပါတယ် ။ တစ်ဆက်တည်းမှာ
နောက်ဆက်တွဲပေါ်ပေါက်လာနိုင်သော ပြဿနာများကို ကြိုတင်ကာကွယ်နိုင်တဲ့ အမျှော် အမြင် နှင့် ကြိုတင်ပြင်ဆင်ကာကွယ်တားဆီးမှုများလည်း
လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ် ။ လူမျိုးရေး ဘာသာရေး ပြဿနာများဟာ နောက်ဆက်တွဲ
ပြဿနာများ လွယ်လင့်တကူ ကြီးထွားလာနိုင်တာကို ကြိုတင်မတွက်ဆ၊မပြင်ဆင်၊မကာကွယ်နိုင်ခဲ့တဲ့အတွက် အထက်ပါပုဂ္ဂိုလ်များမှာ အဓိက တာဝန်ရှိတယ်လို့ ဆိုရပါမယ် ။
တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ စာရင်းမှာ ချန်ထားခဲ့လို့ မရနိုင်သူများကတော့
သက်ဆိုင်ရာ ခရိုင်အစိုးရအဖွဲ့ အုပ်ချုပ်ရေးမှူး ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ၊
အထူးသဖြင့် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ၊ ပြည်နယ် ရဲချုပ်
တို့ပဲ ဖြစ်ပါတယ် ။ရခိုင် ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဟာ
ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်အရှိဆုံးသူ ဖြစ်ပါတယ် ။ကိုယ့်ပြည်နယ်အတွင်း မှာ ဖြစ်ပွားလာတဲ့ ရာဇ၀တ်မှုတစ်ခု ကနေ လူမျိုးရေးပဋိပက္ခ ဘာသာရေးပဋိပက္ခတွေအထိကြီးထွားလာရတာဟာ
ပြည်နယ်ဝန်ကြီးချုပ်ရဲ့ စီမံခန့်ခွဲမှု နဲ့ အုပ်ချုပ်ရေးပိုင်း
အားနည်းချက်ဖြစ်တယ် ဆိုတာ ဘယ်လိုမှ ငြင်းချက်မထုတ်နိုင်ပါဘူး ။ ပြဿနာ
တစ်ခုရဲ့ အတိမ်အနက် ကို လေ့လာဆန်းစစ်ပြီး ဖြစ်နိုင်ခြေများကို တွက်ဆ၍
ကြိုတင်ကာကွယ်မှုများ တားဆီးမှုများ ပြုလုပ်ဖို့ ဆုံးဖြတ်ချက်များ ကို
ချမှတ်ပေးရမယ့် အဓိကတာဝန်ရှိသူ တစ်ဦးအနေနဲ့ မိမိတာဝန်ကို
ကျေပြွန်စွာမထမ်းဆောင်နိုင်ခဲ့ဘူးလို့
ပြောရမှာဖြစ်ပါတယ် ။ ထိုနည်းတူ ပြည်နယ်ရဲချုပ်ဟာ ကိုယ့်ပြည်နယ် အတွင်း
တရားဥပဒေ စိုးမိုးမှု ကဏ္ဍမှာ တာဝန်အရှိဆုံးသူ ဖြစ်ပါတယ် ။ ပြည်နယ်အတွင်း
ဖြစ်ပေါ်လာနိုင်သော ရာဇ၀တ်မှုများကို စုံစမ်းဖော်ထုတ် ကြိုတင်ကာကွယ်ဖို့ ၊
ဖြစ်ပေါ်လာနိုင်သော ပဋိပက္ခများကို ကြိုတင်ကာကွယ် တားဆီးနိုင်ဖို့ ၊
ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်များကို စောင့်ရှောက်ကာကွယ်ဖို့ တာဝန်
အရှိဆုံးသူ ဖြစ်ပါတယ် ။ ဒီပြဿနာမှာ ပြည်နယ် ရဲချုပ်သည်လည်းပဲ တိုင်းပြည်က
ပေးအပ်ထားသော တာဝန်ကို ကျေပြွန်စွာ မထမ်းဆောင်နိုင်ဘူး လို့
ကောက်ချက်ချနိုင်ပါတယ် ။
ပြည်သူတွေက အစိုးရကို
ရွေးချယ်တင်မြှောက်ပြီး လစာအသုံးစာရိတ်ငွေများ ခံစားခွင့်များပေးအပ်လျက်
မိမိတို့ကို အုပ်ချုပ်ပိုင် ခွင့် ၊စီမံပိုင်ခွင့်များပေးအပ်တယ်
ဆိုတာ အလကားသက်သက် အလုပ်မရှိအလုပ်ရှာတာ မဟုတ်ကြပါဘူး ၊
ကျောက်ခေတ်၊ကြေးခေတ် ၊ သံခေတ် ၊အမိအုပ်ထိမ်းသောခေတ် ၊ အဖ
အုပ်ထိမ်းသောခေတ်တို့က စလို့ အုပ်ချုပ်သူ (ခေါင်းဆောင်) ဆိုတာဟာ
အုပ်ချုပ်ခံတို့ရဲ့ အသက်နဲ့ ပိုင်ဆိုင်မှုတွေကိုကာကွယ်ပေးနိုင်မယ့်သူကို
ရွေးချယ်ခဲ့ကြတာပါ ။အစိုးရနှင့် ပြည်သူရယ်လို့ အုပ်ချုပ်ရေးစနစ် မပေါ်ပေါက်
မီ ခေါင်းဆောင်နှင့် အဖွဲ့အစည်းဟု စတင် သန္ဓေတည်ခဲ့ချိန်ကပင်၊
ခေါင်းဆောင်သူသည် အဖွဲ့အစည်းဝင်တို့၏ အသက် အိုးအိမ်စည်းစိမ်ကို
ကာကွယ်စောင့်ရှောက် ရမည် ဆိုသောအချက်သည် ပဋိညဉ် ပြုရန်မလို ၊
ကျမ်းသစ္စာကျိန်ဆိုရန်မလိုဘဲ
အလိုအလျောက် သဘော သက်ဝင်ပြီး ဖြစ်ပါတယ် ။ လူ့အဖွဲ့အစည်းတစ်ခုကို
ဦးဆောင်သူ အုပ်ချုပ်သူတစ်ယောက်ဟာ အုပ်ချုပ်ခံတို့ကို
ကောင်းစွာစောင့်ရှောက် ရမယ် ၊ ၎င်းတို့၏အကျိုးစီးပွားကို
ကာကွယ်စောင့်ရှောက်ရုံသာမက အကျိုးစီးပွား တိုးတက်ရာတိုးတက်ကြောင်းကိုလည်း ဖန်တီး လုပ်ဆောင်ပေးဖို့ အပြည့်အ၀ တာဝန်ရှိပါတယ် ။
ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်ခြင်းခံတဲ့သူတွေမှာ
တာဝန်ယူမှု ဆိုတာရှိရပါတယ် ။ တာဝန် ကို မကျေပြွန် သူတွေအနေနဲ့
ထိုတာဝန်များကို ပေးအပ်ထားသော ပြည်သူများကို ရှက်တတ်ရပါမယ် ။ ဒီမိုကရေစီ
နိုင်ငံ တစ်ခုမှာ တာဝန်ဆိုတာ ကို ယူပြီးရင် ကျေပြွန်အောင်ထမ်းဆောင်ရင်ထမ်းဆောင်
မထမ်းဆောင်နိုင်ရင် မိမိကို ပေးအပ်ထားသော တာဝန်များကို ပြည်သူ့ထံ
ပြန်လည်အပ်နှံရမှာပဲ ဖြစ်ပါတယ် ။ အဲဒီလိုလုပ်ဆောင်တာဟာ ဒီတာဝန်ကို ထမ်း
ဆောင်နိုင်မယ့် အခြားပုဂ္ဂိုလ်တစ်ဦးကို ထပ်မံရွေးချယ်နိုင်ဖို့
အခွင့်အရေးကို ပြည်သူ့ထံ ပြန်လည်ပေးအပ်လိုက်တာပဲဖြစ် ပါတယ် ။ နိုင်ငံတစ်ခုမှာ ကွန်ပြူတာ ထိန်းချုပ်စနစ် ချွတ်ယွင်းလို့ မီးရထားနှစ်စင်းခေါင်းချင်းဆိုင်တိုက်မိတဲ့အတွက်
ပြည်သူတွေ အသက်ဆုံးရှုံးရတာကို မိမိမှာ တာဝန်ရှိပါ တယ်လို့ လူသိရှင်ကြား
ဝန်ချတောင်းပန်ပြီး ရာထူးက နှုတ်ထွက်သွားတဲ့ မီးရထားဝန်ကြီးအကြောင်း
သတင်းလေးတစ်ပုဒ် ဖတ်လိုက် ရပါတယ် ။ အဓိကရုဏ်းဖြစ်ပွားတာကို
မထိမ်းသိမ်းနိုင်တဲ့အတွက် ရဲချုပ်က သူ့တာဝန်သူယူပြီး နှုတ်ထွက်သွားတဲ့
သတင်းကို ဖတ်ရတယ် ။ အဲဒါတွေဟာ တာဝန်သိမှုနဲ့ တာဝန်ယူမှု တွေပါ ၊ စာရေးသူတို့
မြန်မာနိုင်ငံက အစိုးရအရာရှိကြီးတွေ ၊ ၀န်ကြီးတွေ ၊ အကြီးအကဲတွေမှာ အဲဒီလို
တာဝန်သိမှုနဲ့ တာဝန်ယူမှုတွေ နည်းပါးနေသေးတာကို တွေ့မြင်နေရတာ
မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ များစွာ စိတ်မချမ်းသာ ဖြစ်ရပါတယ် ။ တာဝန်ကျေဖို့ မကျေဖို့ က အဓိက မဟုတ်ဘူး သက်တမ်းရှည်နိုင်သမျှရှည်ရှည် နေရာမြဲဖို့က အဓိက လို့ ယူဆကြတဲ့ အောက်တန်းကျစိတ်ထားသဘောထားတွေ
နောက်မျိုးဆက်တွေကို မကူးစက်စေချင်ပါဘူး ။ အဲဒါကြောင့် ပြည်သူ့တာဝန် များ
ကို ထမ်းဆောင်နေကြပါတယ် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးများအနေနဲ့ မိမိတို့ရဲ့
စီမံအုပ်ချုပ်မှုညံ့ဖျင်းအားနည်းမှုတွေကြောင့် ၊ ပြည်သူတွေအပေါ်တာဝန်မကျေမှုကြောင့်
အသက်ဆုံးရှုံးခဲ့ကြရတဲ့ ပြည်သူပြည်သားတွေရဲ့ ၀ိညဉ်တွေကို ရှက်ကြစေချင်ပါတယ်
။ ကိုယ့်အိုးကိုယ့်အိမ်နဲ့ ကိုယ့်အားကိုယ်ကိုး ကိုယ့်ဝမ်းစာ
ကိုယ်ရှာစားပြီး အေးအေး ချမ်းချမ်းနေထိုင်နေရတဲ့ ဘ၀ကနေ ဒုက္ခသည်စခန်း တွေကို
ရောက်သွားကြရပြီး သူတစ်ပါးပေးစာကမ်းစာ ထောက်ပံ့စာနဲ့နဲ့
ဆင်းဆင်းရဲရဲဝတ်စားနေထိုင်နေကြရတဲ့
ပြည်သူတွေကို ရှက်ကြစေချင်ပါတယ် ။ ငယ်ငယ်ရွယ်ရွယ်နဲ့
မိဘမဲ့ဘ၀ရောက်သွားကြရတဲ့ အပြစ်မဲ့ ကလေးငယ်များကို ရှက်ပါ ။ ပညာသင်စခန်း ၊
ကျောင်းသင်ခန်းများမှာ စာသင်စာအံ နေကြရမယ့်အစား ဒုက္ခသည်စခန်းမှာ
လွယ်အိပ်ကို ဘေးချပြီး ငိုကြွေးနေကြရရှာသော ကျောင်းသားအရွယ်လူမမယ်ကလေးများကို ရှက်ကြပါ ။ မိမိတို့ ပြည်သူတွေအပေါ် ဘာတွေတာဝန်လစ်ဟင်း ချွတ်ယွင်းခဲ့ပါသလည်း ဟု နဖူးပေါ်လက်တင်၊လက်ပေါ်နဖူးတင်၍
ဆင်ခြင်စဉ်းစားကြည့်ကြပါ ၊ ပြီးလျှင် မိမိတို့ ဘာလုပ်သင့်သည်ကို
မှန်မှန်ကန်ကန် ဆုံးဖြတ်ကြပါစေ ဟု တိုက် တွန်း လိုက်ရုံမှတပါး …………… ။
ထင်လင်းဦ (Wisdom Villa)
by Myanmar News Now
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။