Wednesday, January 30, 2013

ပြုပြင်ပြောင်းလဲရေးသမားများသတိထားရမည့် ပေါက်ဖော်တို့နှင့်ဆက်ဆံရေး

သမ္မတကြီး ဦးသိန်းစိန်လက်ထက် မြန်မာနိုင်ငံသည်တစ်ချိန်တစ်ခါကရန်သူသဖွယ်
အပြန်အလှန်သဘောထားခဲ့ကြသည့်အမေရိကန်ပြည်ထောင်စုနှင့်ဆက်ဆံရေးတွင်
နှင်းခဲပျော်သည့်အခြေအနေမျိုးကိုဖန်တီးလိုက်နိုင်ပြီ ဖြစ်ရာတိုင်းပြည်၏စီးပွားရေး၊
ပညာရေး၊ကျန်းမာရေးအစရှိသည့်နယ်ပယ်အသီးသီး၌အနောက်ကမ္ဘာမှရင်းနှီး မြှုပ်နှံ
မှုများနှင့်အကူအညီအထောက်အပံ့များဝင်ရောက်လာတော့မည့်အနေအထားတွင်
ရှိနေပါသည်။ မြန်မာ-အမေရိကန်ဆက်ဆံရေးတွင်ယခု ၂၀၁၂ ခုနှစ်အတွင်းဖြစ်ပေါ်
ခဲ့သောသမိုင်းမှတ်တမ်းဝင် ဖြစ်ရပ်များက လေ့လာ စောင့်ကြည့်သူများနှင့်ကမ္ဘာ့နိုင်
ငံများကိုအံ့အားသင့်စေခဲ့သကဲ့သို့ နှစ်ဦးနှစ်ဖက်စလုံးအတွက်အပေါင်းလက္ခဏာ
ဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ပေါ်ထွန်း စေခဲ့ပါသည်။သို့တိုင်အောင်
ထိုသို့ဆက်ဆံရေးတိုးတက် ကောင်းမွန်လာမှုနှင့် မြန်မာ ပြည်တွင်းအမေရိ
ကန်ပြည်ထောင်စု၏ပါဝင်ပတ်သက်လာမှုတို့၏ နောက်ကွယ်တွင်များစွာသတိထား
ရမည့်အန္တရာယ်တစ်ရပ်လည်းကပ်ပါလျက်ရှိပါသည်။ထိုအန္တရာယ်မှာ မြန်မာ-အမေရိ
ကန် ပြန်လည်ချစ်ကြည် ရင်းနှီးလာမှုအပေါ်အိမ်နီးချင်းအာရှနဂါးကြီးတရုတ်ပြည်၏
အလားအလာရှိသောတုံ့ပြန်မှုများပင် ဖြစ်ပါသည်။


 ပြည်သူ့ဆွေမျိုးလော၊ စစ်တပ်ဆွေမျိုးလော
နှစ်နိုင်ငံဆက်ဆံရေးသမိုင်းကြောင်းတွင် မြန်မာနိုင်ငံအပေါ် “မီးစ တစ်ဖက်၊ ရေမှုတ်
တစ်ဖက်” ဆက်ဆံ ရေးမျိုးကျင့်သုံးခဲ့ဖူးသည့်တရုတ်ပြည်သူ့သမ္မတ နိုင်ငံအတွက်
မြန်မာဟူသည်မှာစီးပွားရေးအရသော်လည်းကောင်း၊ မဟာဗျူဟာရေးအရသော်
လည်းကောင်းလွန်စွာတန်ဖိုးရှိသည့်အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ ဖြစ်သည်မှာလူတိုင်း
အသိပင် ဖြစ်ပါသည်။တရုတ်နိုင်ငံထုတ်ကုန်၊ အထူးသဖြင့် တောင်ပိုင်းယူနန်ပြည်နယ်
ထုတ်ကုန်ပစ္စည်းများအတွက် မြန်မာ နိုင်ငံသည်အဖိုးတန်လှသည့် ဈေးကွက်ကြီးတစ်
ခုဖြစ်ပြီးစွမ်းအင်ဆာလောင် နေသည့်တရုတ်စီးပွားရေးအင်ဂျင်ကြီး  လည်ပတ် နိုင်ရေး
အတွက်သဘာဝဓာတ်ငွေ့မှအစလယ်ယာစိုက်ပျိုးရေးကဏ္ဍထွက်ကုန်များအပါအဝင်
တွင်းထွက်ပစ္စည်းများအဆုံးတင်ပို့ ထောက်ပံ့ ပေးလျက်ရှိသည်။ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး ခေါင်းစဉ် အောက်၌အကောင်အထည် ဖော်လျက်ရှိသော လုပ်ငန်းများအနက် ရေအားလျှပ်စစ်စက်ရုံနှင့်အထူးစီးပွားရေးဇုန်တည်ဆောက်ရေး
အစရှိသည့်အခြေခံ အဆောက်အဦဖွံ့ဖြိုးရေးစီမံကိန်းကြီးများမှာလက်ရှိအနေအထား
တွင် နှစ်ဖက်စလုံးအတွက်လွန်စွာအရေးကြီးလျက်ရှိသည်။ထို့ပြင်ရခိုင်ပြည်နယ်
ကျောက်ဖြူမှတရုတ်နိုင်ငံ ရွှေလီအထိ သွယ်တန်း ဖောက်လုပ်နေသည့်စွမ်းအင်ပိုက်
လိုင်း နှစ်ခု(ရေနံတစ်လိုင်း၊သဘာဝဓာတ်ငွေ့တစ်လိုင်း)တည် ဆောက်ရေးမှာလည်း
ဘေဂျင်းအစိုးရအတွက်အလွန်အရေးပါသည့်စီမံကိန်းတစ်ခုဖြစ်သည်။အကြောင်းမှာ
ရခိုင်ပြည်နယ်မှတူးဖော်ထုတ်ယူမည့်သဘာဝဓာတ်ငွေ့နှင့်အာဖရိက၊အရှေ့ အလယ်
ပိုင်း ဒေသတို့မှဝယ်ယူသည့် ရေနံတို့ကိုယင်းပိုက်လိုင်း နှစ်ခုဖြင့် တရုတ်ပြည်ထဲသို့ တွန်းပို့နိုင်မည် ဖြစ်၍ပင်။ထိုပိုက်လိုင်းများကြောင့်တရုတ်အနေဖြင့်အမေရိကန်ပြည်
ထောင်စုရေတပ်ကထိန်းချုပ်ဟန့်တားနိုင်သည့်အလားအလာရှိသော မလက္ကာ
ရေလက်ကြားကိုသင်္ဘောများ ဖြင့် ဖြတ်သန်းကာစွမ်းအင်သယ်ဆောင် တင်သွင်းရ
သည့်လုပ်ငန်းစဉ်ကို ရှောင်ရှား နိုင်ပေလိမ့်မည်။

တရုတ်နိုင်ငံသည် ၁၉၈၀ ပြည့် နှစ်လယ်ကာလများမတိုင်မီက မြန်မာအစိုးရ (ထိုစဉ်
က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ)ကိုလက်နက်ကိုင်ဆန့်ကျင် တော်လှန်သည့်
ဗမာ ပြည်ကွန်မြူနစ်ပါတီ(ဗ.က.ပ)ကို ထောက်ပံ့ပေးသည့်မူဝါဒကျင့်သုံးခဲ့ သော်လည်း
၁၉၈၈ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပိုက်မှု ဖြစ်ပေါ်သည့်နောက်ပိုင်း(န.ယ.က အစိုးရ
လက်ထက်)တွင်စည်းဝါးကိုက်ညီသော“ဆွေမျိုးပေါက် ဖော်” ဆက်ဆံရေးဖြင့် မြန်
မာနိုင်ငံတွင်း   တရုတ်ဆန့်ကျင်ရေး သဘောတရားများ ကို ဖုံးအုပ်ရန် ကြိုးပမ်း လာသည်။ မြန်မာဘက်ကလည်းထိုစဉ်အချိန်ကအမေရိကနှင့်အနောက်ကမ္ဘာ၏ပိတ်
ဆို့ အရေးယူမှုများဖြင့်ရင်ဆိုင်ကြုံတွေ့ နေရပြီး နိုင်ငံတကာအသိုင်းအဝိုင်း၌အပယ်ခံ
တစ်ဦးသဖွယ် ဖြစ်နေခဲ့ပေရာစီးပွားရေးအသက်ဆက် နိုင်ရန်တရုတ်ကိုသာအားထား
ခဲ့ရသည်။

လူ့အခွင့်အရေးချိုးဖောက်သည်ဟူသောစွပ်စွဲချက်များဖြင့် မြန်မာနိုင်ငံကိုဒဏ်ခတ်
အရေးယူရန်အနောက် နိုင်ငံများကကုလသမဂ္ဂလုံခြုံရေး ကောင်စီ၌ ကြိုးပမ်းမှုအမျိုး
မျိုး ပြုလုပ် ခဲ့ရာတွင်တရုတ်နိုင်ငံကပင်ဗီတိုအာဏာသုံးကာပယ်ချပေးခဲ့သည်။(မှတ်
ချက်။အာရှအင်အားကြီး နောက်တစ်နိုင်ငံ ဖြစ်သောအိန္ဒိယမှာ ၁၉၉၄ ခုနှစ်လောက်
အထိတပ်မတော်အစိုးရအတိုက်အခံများကို ကျောထောက် နောက်ခံ ပြုပေးခဲ့သော်
လည်း နောက်ပိုင်းတွင်မှအရှေ့မျှော်မူဝါဒကြောင့် မြန်မာ နှင့် ကော်ဇောနီခင်းရန်
ကြိုးပမ်းလာ သည်)သို့သော် မြန်မာပြည်တွင်းနှင့် ပြည်ပရှိစစ်တပ်ဆန့်ကျင်ရေးအင်
အားစုများ၏ ဝေဖန် ရေးသားမှုများကြောင့် သော်လည်းကောင်း၊ ရှေးယခင် မြန်
မာပေါက်မဟုတ်သောတရုတ်လူမျိုးများ မြောက်ဘက်နှင့်အရှေ့မြောက်ဘက်
တံခါးပေါက်အသီးသီးမှဝင်ရောက်မှုတိုးမြင့်လာကာတရုတ်ကုမ္ပဏီများအထူးအခွင့်
အရေးရရှိခဲ့ခြင်းကြောင့် သော်လည်းကောင်း မြန်မာပြည်သူအများစုကတရုတ်နိုင်ငံ
ကို “အခွင့်အရေးသမား၊ တစ်နည်းအားဖြင့်အချောင်သမား” အဖြစ်လည်းကောင်း၊
တပ်မတော်ကို ”တိုင်းပြည်ရောင်းစား သူ” အဖြစ်လည်းကောင်းတစ်စထက်တစ်စ
ရှုမြင်လာကြသည်။တစ်နည်းအားဖြင့် ပြည်သူတို့၏ ဆွေမျိုးပေါက် ဖော်မဟုတ်၊ စစ်တပ်၏ ဆွေမျိုးသာ ဖြစ်သည်ဟူသောသဘောမျိုးထားရှိလာကြပါသည်။

စကားပြောလာသော စီမံကိန်းကြီးများ
ထိုစဉ်ကတရုတ်နိုင်ငံဘက်ကို ကြည့်မည်ဆိုလျှင်စီမံကိန်းကြီးများအတွက်အဓိက
ကျသည့် သော့ချက်မှာတပ်မတော်အစိုးရနှင့်ချိတ်ဆက်မှု ကောင်းကောင်းရရှိ
ထားရေးသာ ဖြစ်ပါသည်။တပ်မတော်အစိုးရဘက်ကို ကြည့်မည်ဆိုလျှင်လည်း
တိုင်းပြည်ကာကွယ်ရေးကဏ္ဍအတွက်လိုအပ် သောစစ်လက်နက်များရှာဖွေ
စုဆောင်း ရေးမှာ ဘေဂျင်းအစိုးရနှင့်ချိတ်ဆက်မှုကောင်းရှိထားရန်လိုအပ် နေ
သည်။ ဤသို့သောအနေအထားမျိုးကြောင့်တရုတ်အနေဖြင့် မြန်မာနိုင်ငံမှ ဒေသ
ခံ ပြည်သူများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများသို့မဟုတ်အခြားပါဝင်ပတ်သက်သူ
Stakeholder များနှင့်ဆက်ဆံရေး ကောင်းမွန်အောင်လုပ်ဆောင်နေစရာမလိုအပ်
ခဲ့ပေ။တပ်မတော်အစိုးရ၏ ”တစ်သွေး၊တစ်သံ၊တစ်မိန့်”ဆန်သောအုပ်ချုပ်မှု
အောက်တွင်တရုတ်ကုမ္ပဏီများအနေဖြင့် မြန်မာပြည်တွင်းလုပ်ငန်းများကိုစိတ်တိုင်း
ကျ လုပ်ကိုင် နိုင်ခဲ့သည်ချည်းသာပင် ဖြစ်လေသည်။သို့တိုင်အောင်“ပြည်သူ့ဆန္ဒ”ကို
ရှေ့တန်းတင်ပြီးလူထုအကျိုးစီးပွားအကာအကွယ်ပေးရေးနှင့်လူ့အခွင့်အရေးကို
အလေးပေးရန်လိုအပ်သောအရပ်သားအစိုးရတစ်ရပ် ၂၀၁၁ခုနှစ်အတွင်း ပေါ်ထွန်း
လာသောအခါအခြေအနေအရပ်ရပ်မှာ ပြောင်းလဲ သွားတော့ သည်။

ပြုပြင်ပြောင်းလဲရေးသမားကြီးဦးသိန်းစိန်ဦးဆောင်သောအစိုးရလက်ထက်တစ်ဟုန်ထိုး
ပေါ်ထွက်လာ သောသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူများနှင့်လူ့အခွင့်
အရေးလှုပ်ရှားသူအုပ်စုအသီးသီးတို့၏ဆန့်ကျင်ကန့်ကွက်သံများကြောင့်
တရုတ်ကျောထောက် နောက်ခံ မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းမှာ ဗွေဆော်ဦး
ရပ်ဆိုင်း လိုက်ရသည်။ ယင်းစီမံကိန်း သည် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သော ကြောင့် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟုသမ္မတကြီးကအကြောင်းပြချက်ပေးသည်။ အခြားသော
အကြောင်းအရင်း တစ်ခုမှာ မြစ်ဆုံ စီမံကိန်းကို အများက တရုတ်ပြည်၏ အမြတ်ထုတ်
ခေါင်းပုံဖြတ်မှုအဖြစ် သတ်မှတ်ကြခြင်းကြောင့် ဖြစ်ဟန်ရှိသည်။လျှပ်စစ်ဓာတ်အားမ
လုံလောက်မှု ဆိုးရွားစွာ ဖြစ်ပေါ်နေ သော မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဓာတ်အား ၉၀
ရာခိုင်နှုန်းခန့်ကိုတရုတ်နိုင်ငံသို့ တိုက်ရိုက် သွယ်တန်း ရောင်းချရန် စီစဉ်ထားခဲ့ခြင်းဖြစ်
သည်။ ယင်းစီမံကိန်း ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကြောင့် တရုတ်-မြန်မာဆက်ဆံ ရေး မပြေမလည် ဖြစ်တော့မည်ဟု လေ့လာ စောင့်ကြည့်သူများက ခန့်မှန်း ကြသော်လည်း
အစိုးရကတရုတ်နှင့်ရရှိထားသည့်နက်ရှိုင်းသောဆက်ဆံ ရေးမှာဆက်လက်တည်တံ့
သွားမည် ဖြစ်သည်ဟု ကြေညာသည်။

မျက်နှာချိုသွေးရခြင်း အကြောင်းနှစ်ရပ်
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားပြီး နောက် တစ်နှစ်ခန့် အကြာတွင် တရုတ် စီမံကိန်း
ဆန့်ကျင်ကန့်ကွက်မှုများမှာစစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိလက်ပံ တောင်းတောင်
ကြေးနီစီမံကိန်းဘက်သို့ ဦးလှည့်လာသည်။ စီမံကိန်းကြောင့် မြေယာသိမ်းခံရသူများ၊
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတက်ကြွစွာ လှုပ်ရှားသူများက မြစ်ဆုံကဲ့သို့ပင်
စီမံကိန်း ရပ်ဆိုင်းရန် တောင်းဆိုကြ သည်။ သပိတ်စခန်းများ ဖွင့်ကာအချိန်အတန်ကြာ
ကန့်ကွက် ဆန္ဒပြခဲ့ကြ သည်။ သပိတ်စခန်းမှ ဆန္ဒပြ လူအုပ်ကို လူစုခွဲရာ၌ ရဲတပ်ဖွဲ့ဝင်
များ၏လူအစုအဝေးထိန်းသိမ်းရေးနည်းဗျူဟာအားနည်းချက်ကြောင့်အစိုးရမှာ ပြည်
တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏အပြောအဆိုခံလိုက်ရသည်။အစိုးရဆန့်ကျင်ရေး
အင်အားစုများက ယင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်
နစ်နာ စေသည့် စီမံကိန်း အဖြစ်လည်းကောင်း၊ မြန်မာအစိုးရသည် တရုတ် အစိုးရကို အလွန်ကြောက်နေသည့် အစိုးရအဖြစ် လည်းကောင်း ဝေဖန် ပြောဆိုကြသည်။ ထိုသို့ ပြောဆိုကြခြင်းမှာလည်း ဆန္ဒပြ ခေါင်းဆောင်များ၊ သံဃာတော်များနှင့် ဦးစွာ သွားရောက် တွေ့ဆုံခဲ့သူ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက “တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား” ဟူသော စကား တစ်ခုတည်းကို တလွဲ
အဓိပ္ပာယ်ကောက်ယူလိုက်မှုကြောင့် ဖြစ်ဟန်ရှိပါသည်။

အမှန်တွင်၎င်းကတရုတ်နိုင်ငံကို မြန်မာအနေဖြင့်သတိထားဆက်ဆံရမည်ဟု ပြော
ဆိုခြင်းဖြစ်ပြီး သတိထား ရသည့် အကြောင်းနှစ်ရပ်ကို ရှင်းပြခဲ့ သည်။ နံပါတ် ၁
အကြောင်းအရင်းမှာ ၁၉၈၈ ခုနှစ်၊ အရေးအခင်း ကာလတွင် တရုတ်ပြည်သည်
မူဆယ်ဘက်မှ နေ၍ စားနပ်ရိက္ခာနှင့် ပြည်ပကုန် ပစ္စည်းများ (ဆေးဝါးစသည်) တို့ကို တင်ပို့ ပေးခဲ့ ခြင်းဖြစ်ပြီး နံပါတ် ၂ အကြောင်းမှာ  အထက်တွင် ဆိုခဲ့သည့် လက်နက်
ကိုင် တော်လှန်ရေး လုပ်သော ဗ.က.ပတို့အား တိန့်ရှောင်ဖိန် လက်ထက်၌ ထောက်
ပံ့မှု ရပ်ဆိုင်းပစ်လိုက်ခြင်းကြောင့် ဖြစ်သည်။သို့အတွက်ကြောင့်အကယ်၍ တရုတ်နှင့်
ရန်ဖြစ်မည်ဆိုပါကနယ်စပ် ဒေသများတွင်ရှိသောလက်နက်ကိုင်သူပုန်များကို ထောက်
ပံ့မှုများ ပြန်လည် ပြုလုပ် လာမည်ကို စိုးရိမ်ရကြောင်း၊ ထိုသို့ ပြန်လည် လုပ်ဆောင်ပါ
က တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးအောင် ကောင်းစွာလုပ်ဆောင် နိုင်မည်မဟုတ် ကြောင်း
ဦးအောင်မင်းကရှင်းပြပါသည်။ တရုတ်-မြန်မာဆက်ဆံရေးသည်အမှန်တွင်လွန်စွာအကဲ
ဆတ် သည့် အနေအထားတွင် ရှိနေသည်မှာ ရှင်းလင်း လွန်းသည်။ နှစ်နိုင်ငံအကျိုး
စီးပွားတို့မှာ အပြန်အလှန် အမှီသဟဲပြု နေပြီး “ပါးရိုက်၍ နားကိုက်သည်” ဟူသော
အခြေအနေမျိုးသို့ မရောက် အောင် သက်ဆိုင်သူများ အားလုံးက ထိန်းသိမ်းထားရန်
လည်း လိုအပ်ပါ သည်။ လက်ပံတောင်းတောင် စီမံကိန်း၊ ထိုမှတစ်ဆင့် ကျောက်ဖြူ
အထူး စီးပွားရေးဇုန် စီမံကိန်း၊ စွမ်းအင်ပိုက် လိုင်းနှစ်ခု သွယ်တန်းရေး စီမံကိန်းများ
အထိ ဆန္ဒပြမှုများ ဖြစ်ပေါ်လာကာ “ရပ်ဆိုင်းရေး” ကိုသာ ဖိအားပေး တောင်းဆိုမည် ဆိုပါက ဘေဂျင်းနှင့် နေပြည်တော် ဆက်ဆံရေးမှာ ကမောက်ကမ ဖြစ်မှုများ နှင့်
မလွဲမသွေကြုံရမည်သာပင်။စီမံကိန်းများကြောင့်အမှန်တကယ်ထိခိုက်နစ်နာသွားသူ
ပြည်သူများ ပြေလည်ရေးနှင့်တရုတ်နိုင်ငံနှင့်ဆက်ဆံရေးဆက်လက် ကောင်းမွန်ရေး
အစရှိသည့် ကိစ္စနှစ်ရပ် အကြား ချိန်ခွင် လျှာမျှပေးရေးမှာ သမ္မတဦးသိန်းစိန်အစိုးရ
၏ အရည်အချင်းကို ဖော်ကျူး သွားပေလိမ့်မည်။

ကိုယ်ရယ်၊ ပေါက်ဖော်ရယ်၊ အန်ကယ်ဆမ်ရယ်
မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးနှင့် ပြည်သူ့ဆန္ဒကို အလေးပေးမည် ဆို သော ဒီမိုကရေ
စီ အစိုးရ ပေါ်ထွန်းလာ ခြင်းကြောင့် ပြည်တွင်းရှိ တရုတ် အကျိုး စီးပွားများ စိန်ခေါ်မှု
များနှင့်ရင်ဆိုင် ကြုံတွေ့လာရသည်ဟု လေ့လာဆန်းစစ်သူအချို့က ဆိုကြသော်လည်း
ဘေဂျင်း အစိုးရအတွက် နောက်ထပ် ဧရာမ စိန်ခေါ်မှုကြီး တစ်ရပ်ကား ကျန်ရှိ နေ
ပါသေးသည်။ ယင်းမှာ အမေရိကန်- မြန်မာ ဆက်ဆံရေး တိုးတက် ကောင်းမွန်
လာခြင်းဖြစ်သည်။ တရုတ်လူမျိုး မူဝါဒ ရေးရာ ပညာရှင်များက မြန်မာ့ ပြုပြင် ပြောင်း
လဲရေး ဖြစ်စဉ်များနှင့် တရုတ် စီမံကိန်းများ၌ ဖြစ်ပေါ်သော ပြဿနာများသည် ဘေဂျင်း
အစိုးရအား ထိန်းချုပ်ရန် အမေရိကန် (အန်ကယ် ဆမ်-Uncle Sam)၏အစီအမံများ
ကြောင့် ဖြစ်သည်ဟုပင် ဆိုကြသည်။ တရုတ်ခေတ်ပြိုင် နိုင်ငံတကာ ဆက်ဆံ ရေးအင်
စတီကျု၊ အမေရိကန် သုတေသနဗဟိုမှ Yuan Peng က ”အမေရိကန် ပြည်ထောင်စု
သည် တရုတ်ပြည် တိုးတက်မှု နှောင့်နှေးရန် အလို့ငှာ စစ်ရေး မဟုတ်သော အခြား
နည်းလမ်းမျိုးစုံကိုအသုံးပြုလိမ့်မည်ဖြစ်သည်”ဟုChina Dailyသတင်းစာတွင် ဆောင်း
ပါးဖြင့် ဝေဖန် ရေးသားသည်။ အမေရိကန် အစိုးရ၏ ဦးတည်ချက်တွင် မဟာမိတ်များ အားကောင်း မောင်းသန် ဖြစ်ရေး၊ တရုတ်နှင့် မြောက်ကိုရီးယား၊ ပါကစ္စတန်၊ မြန်မာနိုင်
ငံတို့၏ ဆက်ဆံ ရေးများ လျော့ပါးအောင် တစ်ဖက်တွင် လုပ်ဆောင်ပြီး အခြားတစ်ဖက်
တွင် ယင်းနိုင်ငံများနှင့် မဟာမိတ်ဖွဲ့ရေး စသည်တို့ ပါဝင်သည်ဟု ဆိုပါသည်။

တစ်နည်းအားဖြင့် ဆိုပါက အိုဘားမား အုပ်ချုပ်ရေး အဖွဲ့၏ အာရှ မဏ္ဍိုင်ပြု မူဝါဒသည်
အဆိုပါဦးတည် ချက်ကို အထောက်အကူပြုပြီး တရုတ် အပေါ် ဒေသတွင်း နိုင်ငံများ
သံသယ ကြီးထွားလာစေရေးပင် ဖြစ်သည်။ သို့သော် အမေရိကန်-မြန်မာ ဆက်ဆံရေး
ကောင်းမွန်လာမှု ဟူသည်မှာ ကနဦး အစပိုင်းမျှ တွင်သာ ရှိနေသေး သည်ဖြစ်ရာ
မြန်မာနိုင်ငံတွင်း တရုတ် သြဇာ လွှမ်းမိုးမှုမှာ ဆက်လက် ကျန်ရှိ နေဦးမည့် သဘော
တွင်ရှိကြောင်း လေ့လာဆန်းစစ်သူများကအကဲဖြတ် ပါသည်။

သို့အတွက် သုံးပွင့်ဆိုင် ဇာတ်လမ်း တစ်ပုဒ်ဖြစ်လာသော တရုတ်-မြန်မာ- အမေရိကန်
ဆက်ဆံရေးတွင် စိုးရိမ်မှု များ ပျောက်ကင်းအောင် အိုဘားမား အုပ်ချုပ်ရေးအဖွဲ့
အနေဖြင့် မည်သို့ လုပ်ဆောင် သင့်သနည်းဟု မေးစရာ ဖြစ်လာပါသည်။ ပထမဦးစွာ
အိုဘားမားတို့ အနေဖြင့် သုံးပွင့်ဆိုင် ဆက်ဆံရေးသည် အကြွင်း သုညဂိမ်း (Zero-
Sum Game) ၊ တစ်နည်းအား ဖြင့် တစ်ဦး၏ အနိုင်သည် ကျန်တစ်ဦး အတွက် အရှုံး
ဂိမ်းပုံစံ မဟုတ်ဟူသည် ကို ရှင်းလင်းသွားအောင် ပြုလုပ်သင့် ပါသည်။ မြန်မာ
အနေဖြင့်မူညီညွတ်မျှတပြီးစဉ်ဆက်မပြတ်သဘောဆောင် နိုင်မည့် ပြုပြင် ပြောင်းလဲမှု
များကို အောင်မြင်စွာ အကောင်အထည် ဖော်ရာ တွင် အမေရိကန်၊ တရုတ်၊ အာဆီယံ
နှင့် အခြားသော အိမ်နီးချင်းတို့၏ ကျောထောက်နောက်ခံ ပြုမှု ရရှိရန် လိုအပ် ပေမည်။
ဒုတိယ အချက် အားဖြင့် ဆိုရလျှင် မြန်မာ့ပြုပြင်ပြောင်းလဲရေး အတွက် အမေရိကန်၏
ပံ့ပိုးပေးမှုတို့ သည် တရုတ် အစိုးရလက်ကိုင် ကျင့်သုံး နေသည့် တည်ငြိမ်ရေးနှင့် ရှဥ့်
လည်း လျှောက်သာ၊ ပျားလည်းစွဲသာ (Win-Win) ဟူသည့် ရလဒ်ဘောင်တွင်း၌သာ
ရှိအောင် ကြိုးပမ်း သင့်သည်။ အဆိုပါ တည်ငြိမ်မှုက တရုတ် အကျိုးစီးပွားကို ဦးစွာ
ကာကွယ်ပေးပြီး ထိုမှတစ်ဆင့်မြန်မာ့ ပြုပြင်ပြောင်းလဲမှုများ အပေါ် တရုတ် အစိုးရ
၏ပံ့ပိုးမှု ရရှိကာ သုံးနိုင်ငံစလုံး ပန်းတိုင် ဝင်စေမည့်အခြေအနေ(Win-Win-Win) ကို ရောက်စေမည်ဖြစ်လေသည်။

မှီငြမ်းကိုးကား ။ China Poses Risk to Myanmar's Reform By Bangkok Post

အောင်ကျော်စိုး

ကိုကိုနန်းညွန့်ဦး ရှာဖွေတင်ပြပေးပါသည်..။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။