Wednesday, January 23, 2013

တစ်နိုင်ငံလုံး ကလေးဗဟိုပြု ချဉ်းကပ်သင်ကြားတဲ့ ပညာရေးစနစ်ကြီး


မြန်မာတပြည်လုံး ၂၀၁၅ ရောက်ရင် ကလေးဗဟိုပြု ပညာရေး၊ တနည်းပြောရရင် ကလေးဗဟိုပြု ချဉ်းကပ် နည်းနဲ့ အခြခံပညာ ကလေးတွေကို စာသင်ကြားပေးနိုင်မယ်ဆိုတဲ့ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီး ဌာနရဲ့ ကြေညာချက်လေးကို ပြန်သတိရမိတယ်။

ဒီနေရာမှာ ကလေးဗဟိုပြုဆိုတာ ဘာလဲဆိုတာ သေသေချာချာသိဖို့တော့ လိုမယ်ထင်တော့ စာတွေလိုက် ဖတ်မိတယ်။သဘောပေါက်မိတာကကာတွန်းတွေ၊ သရောစာတွေထဲက သရော်ကြသလို ကျွန်တော့်နာ မည် မာင်လှဖြစ်ပါသည်၊အဖေဦးမြနဲ့အမေ ဒေါ်လှ ဖြစ်ပါသည်ဆိုတာကို နှုတ်တိုက်ကျက်ပြီး ဆရာ ကို ပြန်ဖြေရတဲ့စနစ်ကနေကိုယ့်အကြောင်းကိုယ့်ပတ်ဝန်းကျင်အကြောင်းကို ကိုယ်တိုင်သိတဲ့ အသိဥာဏ်ဖြစ် လာအောင် သင်ပေးတဲ့ စနစ်လို့ အကြမ်း သဘောပေါက်ပါတယ်။

ကျွန်တော်တို့ ကိုယ်တိုင်က ပျံနိုင်တဲ့ သတ္တဝါငါးမျိုးဆို ဆရာပေးတာထက်၊ ရေးပေးတာထက် ပိုမစဉ်းစားပဲ အော်ကျက်ခဲ့ရတဲ့ သူတွေဖြစ်ခဲ့ပါတယ်။ သူက သိန်းငှက်၊ စွန်၊ လင်းယုန်၊ ဇီးကွတ်၊ ကြိုးကြာဆိုတဲ့ ကိုယ်ကောင်းကောင်းမသိတဲ့ အကောင်တွေနေရာမယ် ကိုယ်မြင်နေကြ စာကလေးတို့ ကျီးကန်းတို့ မဖြည့်ရဲခဲ့တာ ပတ်ဝန်းကျင် တစ်ခုလုံးနဲ့ ဆိုင်မယ်ထင်ပါတယ်။ ဆရာမပေးတာထက် ပိုရေးရင် မတူတာရေးရင် အမှတ်မရဘူး၊ စာစစ်သူတွေက အဖြေစာရွက်နဲ့ တိုက်စစ်တာ မတူရင် အမှတ်မရဘူး ဆိုတဲ့အကြောက်တရားအောက်မယ် ဒါသင်၊ ဒါရေး၊ ဒါကျက်၊ ဒါဖြေ ဆိုတဲ့စနစ်အောက်မှာ နေခဲ့ရသူရယ်ပါ။ (ခုနေများလို ရွတ်ပုံမျိုးနဲ့ဆို ငါးတန်းတောင် ရောက်မယ်မထင်)


ပြောရရင် ကိုယ်ပိုင်အသိကို နှိုးဆွတာမျိုး ဖန်တီနိုင်စွမ်းကို အားပေးတာမျိုးထက် ကျက်မှတ်တာအားပေးခဲ့တာ အဲ့ဒိ အမှတ်ပေးစည်းမျဉ်းနဲ့ အဖြေစာရွက်ထဲမယ်နဲ့ မတူရင် ကျမယ်ဆိုတဲ့ အသိကြီးက အဓိကတရားခံတစ်ခုဆိုလဲ မှားမယ်မထင်ပါဘူး။ မိုးပေါ်ပျံနိုင်တဲ့ သတ္တဝါက သိပ်အထောင်းတာပေမယ့် ကဗျာစကားပြေလို နေရာမျိုးကျတော့ သင်ကြားပေးတဲ့သူ ကိုယ်တိုင်ကိုမှ ခံစားနိုင်မှု၊ နားလည်နိုင်မှုတွေ အားမကောင်း စိတ်မဝင်စားပဲ သူ့မှတ်စုထဲမယ် ရှိတဲ့အတိုင်း လက်ဆင့်ပွားကြရာက စုတ်ပျက်သတ်နေတဲ့ ပညာရေးစနစ်ကို ဦးတည်စေတော့တာပါပဲ။ စာခိုးချတယ်ဆိုတာ ကိုယ်ပိုင်ဖန်တီးမှုနဲ့ အလွတ်ကျက်တဲ့ ပညာရေးစနစ်ကြောင့် ထွက်လာတာပါ။

ကလေးဗဟိုပြု ကလေးရဲ့ အသိဥာဏ်ကို နှိုးဆွပြီး သင်ကြားပေးရမယ့် ဒီစနစ်ကို သင်ကြားပေးဖို့ ဆရာဆရာမတွေအနေနဲ့ အချိန်ယူဖို့ လိုအပ်ပါမယ်။ ဒီနှစ်အတွင်းမှာ ဒီဆရာတစ်ယောက်က ပြဌာန်းထားတဲ့ သင်ရိုးကိုလဲ ပြီးမြောက်ရမယ်။ ဌာနက လုပ်ခိုင်းတဲ့ လှုပ်ရှားမှုတွေ ပြီးမြောက်အောင် လုပ်ရမယ်၊ အပင်စိုက်တာ လူကြီးကြိုဆိုတာ စတာတွေလဲ မလစ်ဟင်းစေရဘူး၊ မြို့နယ်က ခေါ်တဲ့အစည်းအဝေးတွေ မပျက်ကွတ်ရဘူး၊ သင်တန်းတွေလဲ ခေါ်ရင် ခေါ်သလို တက်ရမယ် ဆိုတဲ့ ဆရာများက ဒီစနစ်ကို အကောင်အထည်ဖော်နိုင်မယ် ထင်ပါသလား။

စာသင်ခန်း တစ်ခန်းထဲက ကျောင်းသာတွေဆိုတာက တစ်ယောက်နဲ့တစ်ယောက် ဥာဏ်ရည်အနိမ့်အမြင့် မတူတာ၊ စာကို အေးအေးဆေးဆေး သင်ကြားနိုင်တာ မသင်နိုင်တာ ကွာခြားတာ၊ အဖေအမေက ကျောင်းကြိုပို့လုပ်ပြီး ဇိမ်နဲ့ နေနိုင်စားနိုင်တဲ့ ကျောင်းသားနဲ့ လွယ်အိတ်ချ မိဘကူရတဲ့ ကျောင်းသား မတူတာတွေက ဆရာတွေအတွက် အဓိက စိန်ခေါ်ချက်တွေပါပဲ။

ရန်ကုန်လို၊ မန္တလေးလို၊ နေပြည်တော်လိုနဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေရဲ့ မြို့တော်ကနေ မိုင်သုံးဆယ်လောက် အပြင်ထွက်ကြည့်တာနဲ့ ကျောင်းသား အယောက်တစ်ရာလောက် ရှိတဲ့စာသင်ခန်းတွေကို သင်နေရတဲ့ တစ်ဦးစီသော ဆရာဆရာမတွေ၊ လူနှစ်ရာလောက် ရှိတဲ့ကျောင်းကို ကျောင်းအုပ်တစ်ဦး၊ သင်ကြားရေးတစ်ဦးနဲ့ သူငယ်တန်းကနေ လေးတန်းကို တစ်ချိန်တည်း တစ်နေရာတည်းမှာ တပြိုင်နက်တည်း သင်နေရတဲ့ စာသင်ကျောင်းက ဆရာတွေက လူကြီးတွေက ကလေးဗဟိုပြုဆို ဟုတ်ကဲ့တစ်ခွန်းကလွဲရင် ဘာဖြစ်လာမှာလဲ စဉ်းစားစေချင်မိတယ်။

ပညာရေးစနစ်ကို ဝေဖန်တဲ့နေရာမှာ အရင်းအမြစ်ကို သေချာသိရမှာ ဖြစ်သလို ပြင်ဆင်ကြမယ့် သူတွေကလဲ ဘာ့ကြောင့် ဘာဖြစ်လို့ ဘာကိုပြင်ရမယ်ဆိုတာ သေသေချာချာ သိစေဖို့ လိုအပ်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်းမှာ စာတတ်မြောက်မှု ရာခိုင်နှုန်းကို တိုးတက်လာအောင် တောက်လျောက် မနည်းကို ကြိုးစားခဲ့ရတာ ပြန်မြင်စေချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရေမြေတောတောင်နဲ့ ဒေသအနေအထားတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ ကျေးလက်နေ ဒေသခံတွေ မိမိတို့ သားသမီးတွေ ပညာသင်ကြားစေဖို့ အသိပညာပေးတာတွေ မနည်းလုပ်ခဲ့ရတာ ခက်ခဲတာတွေ အများကြီး ရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံး စာတတ်မြောက်ရေးဆိုတာ အရေအတွက်ကို အဓိကထားတယ်ဆိုပေမယ့် ဒါဟာလဲ တကယ့်ကို အရည်အတွက် ဖြစ်ဖို့ လိုနေတာတော့ ငြင်းစရာမဟုတ်ပါဘူး။

ဒီလို အခြေအနေမှာ ဆရာတွေ လိုအပ်ချက် မြင့်မားလာပေမယ့် ပညာရေးအတွက် ဦးဆောင်မယ့်သူတွေ ဖြစ်တဲ့ ဆရာဆရာမတွေအတွက် ဒီအလုပ်ကို တန်ဖိုးထား ဂုဏ်ယူစရာ ဆွဲဆောင်ချက်ဟာ နည်းပါးတာကြောင့် ဆရာဖြစ်ချင်သူတွေ နည်းလာတာ၊ စီးပွားရေးအရ မက်လောက်စရာ မရှိတဲ့အခါ မိဘဆွေမျိုး၊ သားသမီးတွေ မျက်နှာငဲ့ပြီး ဝါသနာနဲ့ ခွာလိုက်ရတဲ့ သူတွေ၊ နေရေးစားရေး၊ မိသားစုအရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကလေးပညာရေးနဲ့ မိသားစုကျန်းမာရေးအတွက် ငဲ့ညှာပြီးတော့ တာဝန်ကျရာ နေရာတိုင်းကို မသွားနိုင်ကြတဲ့ ဆရာတွေ မနည်းလှပါဘူး။

ဆရာတွေကို ဆရာဖြစ်ချင်လာအောင် ဆွဲဆောင်တဲ့ ဆောင်ပုဒ်တွေကလဲ အားရစရာ ကောင်းလှပါဘိ " စေတနာ၊ ဝါသနာ၊ အနစ်နာ " တဲ့ နာတာက မထွက်၊ " တပြည့်မရှား၊ တပြားမရှိ၊ ပီတိကိုစား အားရှိပါ၏ " တဲ့ ဘယ်လောက် အားရစရာ အားကျစရာတွေလဲ။

အခုဆိုရင် သူတို့တတွေ ရည်မှန်းချက်အတိုင်း UNICEF လို JICA လို အဖွဲ့တွေက ကလေးဗဟိုပြုဖြစ်ဖို့ ဆရာတွေကို သင်တန်းတွေပေးမယ်၊ လေ့ကျင့်ပေးမယ် လိုအပ်မယ့် အကူအညီတွေ ပေးမယ်ဆိုတော့ ဖတ်လိုက်ရရင်၊ သိလိုက်ရရင် အားရစရာပါပဲ။

ဒီလို အတန်းလေးငါးခုကို တစ်ယောက်တည်း ဆိုင်းတီးသလို သင်နေရတဲ့ ဆရာတွေ၊ ကလေး တစ်ရာလောက်နဲ့ One Lady Show လုပ်နေရတဲ့ ဆရာတွေ၊ ဇရပ်လိုတဲစုတ်မှာ စာသင်နေရတဲ့ ကျောင်းတွေနဲ့တော့ ဘယ်လိုမှ မဖြစ်ဘူး ထင်ပါတယ်။ အပ်တိုတစ်ချောင်နဲ့ ကမ္ဘာကို အုပ်ချုပ်ချင်သလိုများ ဖြစ်နေမလားလို့ မချင့်မရဲ ဖြစ်မိပါတယ်။

ဟုတ်ကဲ့ တစ်နိုင်ငံလုံး သလေးဗဟိုပြု ချဉ်းကပ်သင်ကြားတဲ့ ပညာရေးစနစ်ကြီး ဆောင်ရွက် အကောင်အထည်ဖော်နိုင်မယ့် ရည်မှန်းချက်ကြီး နောက်နှစ်နှစ်အတွင်းမယ် အောင်မြင်လာမှာကို ဒီစာလေးနဲ့ ဂုဏ်ပြုလိုက်ရပါတယ်။

ကျန်းမာ ချမ်းသာကြပါစေ။
သာပို

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။