Sunday, May 27, 2012

အလုပ်သမားများဆန္ဒပြမှုသည်အလုပ်သမားလှုပ်ရှားမှုကြီးတစ်ခုသို့ဦးတည်နေဟုဆို

ယခုနှစ် ဖေဖေါ်ဝါရီလတွင်စတင်ခဲ့ကာ ယခုလအတွင်း တပြိင်နက်ထဲဆိုသလိုဖြစ်ပွားလျှက်ရှိသည့် စက်ရုံ အလုပ်သမား ဆန္ဒပြမှုများသည် အလှုပ်သမား လှုပ်ရှားမှုကြီးတခုသို့ ဦးတည်နေကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသည့် ရှေ့နေဦးဋ္ဌေးက ပြောသည်။

“အခု တလောဖြစ်ပွားနေတဲ့ စက်ရုံတရုံချင်း အလုပ်သမား ဆန္ဒပြနေတာတွေဟာ အလုပ်သမားလှုပ်ရှား
မှု တခုကို ဦးတည်နေတယ်” ဟု ဦးဋ္ဌေးက YPI သို့ပြောသည်။


လုပ်ခလစာတိုးပေးရေးကို အဓိကထား တောင်းဆိုသည့် စက်ရုံအလုပ်သမား ဆန္ဒပြမှုများ ယခုလ   အတွင်း ရုတ်တရက်မြင့်တက်လာပြီးယခုလောလောဆယ် စက်ရုံ ၉ ရုံတပြိုင်နက်ထဲ လုပ်ခလစာ တိုးရရန် တောင်းဆို ဆန္ဒပြလျှက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။ ယခုလဆန်းတွင် စတင်ခဲ့သည့် လှိုင်သာယာ စက်မှုဇုန်ရှိ ဟိုက်မို ဆံပင်တုစက်ရုံ အလုပ်သမားဆန္ဒပြမှုမှ စတင်ကာ ဂရင်းရွိုင်ရယ် အရက်ပုလင်းသွတ်စက်ရုံ၊ စံပယ်ပွင့် ၊ ပုလဲ ၊ နေမင်းအောင် ၊ YJ အထည်ချုပ် စက်ရုံတို့သို့ကူးစက်သွားပြီးနောက်ယခင်သီတင်းပတ်ကုန်တွင်ငွေကံ့ကော်အထည်ချုပ်စက်ရုံ နှင့် မြောင်းတ ကာ စက်မှုဇုန်ရှိ သံမဏိ စက်ရုံ၊ တိုက်ကြီးမြို့နယ်ရှိ အမ်ဂျီအီး အထည်ချုပ်စက်ရုံများ အထိ လုပ်ခတောင်းဆို ရေး ဆန္ဒပြလျှက်ရှိကြသည်။

ယင်းတို့အနက် လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတရုံနှင့် မြောင်းတကာ သံမဏိစက်ရုံတို့မှ အလုပ်သမား တချို့ကတောင်းဆိုချက်များရရှိရေးအတွက်အစာငတ်ခံဆန္ဒပြမှုများအထိစတင်ဖြစ်ပွားလာနေသည်။ လက်ရှိ ဖြစ် ပွား နေသည့် အလုပ်သမားအရေးကိစ္စများကို  ဖြေရှင်းဖို့ ခက်ခဲရခြင်း၏ အဓိက အားနည်းချက်တခုမှာ အနိမ့်ဆုံး လုပ်အားခ သတ်မှတ်ချက်မရှိသည့် အချက်ဖြစ်သည်ဟုလည်း ဦးဋ္ဌေးက ထောက်ပြသည်။

ယခုလပိုင်းအတွင်း လုပ်ခလစာတိုးပေးရေးနှင့်ပတ်သက်၍ အလုပ်ရှင်အလုပ်သမား ဆွေးနွေးညှိနှိုင်းသည့် အခါ အလုပ်ရှင်နှင့် အလုပ်သမားဝန်ကြီးဋ္ဌာနမှ အရာရှိများက အနိမ့်ဆုံး အလုပ်သမား သတ်မှတ်ချက်မရှိ သည့်အချက်ကိုလက်ညှိုးထိုးနေသည့်အတွက်လည်းပြေလည်မှုမရရှိနိုင်ပဲ ဖြစ်နေရသည်ဟု၎င်းက ဆို သည်။

မေလ ၂၂ ရက်နေ့မှ စတင်ကာ ဆန္ဒပြနေသည့် တိုက်ကြီးမြို့နယ်ရှိ အမ်ဂျီအီးအထည်ချုပ်စက်ရုံမှ အလုပ် သမ မဆုမြတ်နိုင်က “ ကျွန်မတို့ လက်ရှိ အခြေခံလစာ ၆ ထောင်ကို ၁၅၀၀၀ တောင်းတာ မရပါဘူး၊ အဲဒီ နောက်ညှိပေးတဲ့ လူကြီးတွေက နည်းနည်းလျော့ပါဦးဆိုလို့ ၁၀၀၀၀ ထိ ကျွန်မတို့လျော့ပေးခဲ့တယ်၊ ဒါလည်း မလိုက်လျောဘူး” ဟု အလုပ်ရှင်က မလိုက်လျောသည့်  အကြောင်းကို ရှင်းပြသည်။

မကြာသေးမီက အလုပ်သမား ဖြန်ဖြေရေး ဥပဒေထွက်ရှိပြီးဖြစ်သော်လည်း ယင်းဥပဒေက လတ်တလော ဖြစ်ပွားနေသည့် အလုပ်သမား လစာတိုးပေးရေး တောင်းဆိုမှု ပြဿနာများကို   ပြေလည်အောင် မဖြေရှင်း နိုင်ပဲ ဖြစ်နေသည်ကိုလည်း တွေ့ရှိရသည်။

ဦးဋ္ဌေးက“တနေ့၈နာရီအလုပ်လုပ်တာကိုတရက် ကျပ် ၁၀၀၀ တောင်မပေးနိုင်တာက လတ်တလော အခက် အခဲ မပြေလည်နိုင်တာပဲ” ဟု အလုပ်သမားများ တောင်းဆိုသည့် အခြေခံလစာ တနေ့ ကျပ် ၁၀၀၀ ကို တိုး မပေးနိုင်သည့် အဖြစ်ကို ထောက်ပြသည်။

၎င်းက ယခုအဖြစ်အပျက်သည် အမျိုးသားရေး အသွင်ဆောင်လာပြီး အားလုံး ၀ိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ် သည်ဟုလည်းဆိုသည်၊၎င်းတို့အနေဖြင့်လည်းအလုပ်သမားများအားသည်းခံဖို့နှင့်ငြိမ်းချမ်းစွာ လုပ်ဆောင်ကြ ဖို့ တိုက်တွန်းလျှက်ရှိကြောင်း ပြောဆိုသည်။ ။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။