ဒီကနေ့မြန်မာနိုင်ငံမှာ ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့
လူထုအုံကြွမှုဖြစ်မည့်ဘက်ကို ဖြစ်စေချင်နေကြတဲ့ ပြည်ပရောက် မြှောက်ပေးတွေကို
တော်တော်စိတ်ကုန်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီနိုင်ငံမှာ
နိုင်ငံသားတွေရဲ့ဆန္ဒကို ထုတ်ဖော်တာဟာ အလေ့အထကောင်းခုပါပဲ။
ဒီလိုဆန္ဒထုတ်ဖော်တာကိုပဲ ဆူဆူပူပူလုပ်ချင်တယ်လို့
နာမည်တပ်သူကတပ်၊ စစ်တပ်ကအာဏာပြန်သိမ်းမှာကို မကြောက်ဘူးလားလို့ ပြောနေတဲ့
သူတွေကပြောနဲ့၊ အဲလိုပြောနေတဲ့သူတွေကိုယ်တိုင် ဆန္ဒထုတ်ဖော်ဘူးသလားလို့
မေးကြည့်ရင်လည်း မေးတဲ့သူက လွန်ဦးမယ်။ ၀န်ကြီးဌာနတွေရဲ့
တရားဥပဒေစိုးမိုးမှုမရှိတာကို ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေမယ်ဆိုရင်
ဒုက္ခခံနေရတဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့တစ်တွေ တရားပါ့မလား။
ကျွန်တော်တို့တစ်တွေ တာဝန်ကျေပါ့မလား…။ ဆန္ဒပြတယ်ဆိုတဲ့ စကားနဲ့
ဆန္ဒထုတ်ဖော်တယ်ဆိုတဲ့ စကားလုံးအသုံးအနှုန်းလေးက တူတယ်ထင်ရပေမယ့် နဲနဲတော့
လွဲပါတယ်။ဒီကနေ့ အလုပ်သမားတွေ၊ လယ်သမားတွေ ဆန္ဒထုတ်ဖော်နေကြပြီ။ သူတို့တစ်တွေလက်ထဲမှာ
လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မရှိပါဘူး..။ ဒါကိုလည်း
အစိုးရသစ်လက်ထက်မှာ အတည်ပြုပြဋ္ဌာန်းထားပြီဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက
အခန်း(၈) ထဲမှာပါတဲ့ နိုင်ငံသားအခွင့်အရေး ကို
တောင်းဆိုတာပါ။အကြမ်းဖက်နေတာမဟုတ်ဘူးဆိုတာ သိသင့်ပါတယ်။ လမ်းပေါ်မထွက်ဘူး။
ပါးစပ်က ဘာမှမဆိုဘူး။ လက်ထဲမှာ လက်နက်ဆိုလို့
အပ်တိုတစ်ချောင်းတောင်မရှိဘူး…။ လုံခြုံရေးတွေကလည်း
စစ်အာဏာရှင်လက်ထက်တုန်းကလိုမဟုတ်ဘူး..။ ပြေပြေလည်လည်ဆက်ဆံ ကြပါတယ်။ လူထုဟာ
ဒီကနေ့အချိန်အခါမှာ အကြောက်တရားတွေကို ဘေးဖယ်ထားလိုက်ရပါတော့မယ်…။
မီဒီယာမဏ္ဍိုင်အနေနဲ့လည်း ဗျူရိုကရက်တွေ တရားဥပဒေကိုလေးစားလိုက်နာမှု
မရှိတာတွေကို မပြောရင် ပြည်သူလူထုကြီးမသိဘူး။ သမ္မတကြီးမသိဘူး။
သမ္မတကြီးကိုယ်တိုင်လည်း ကိုယ်ကိုယ်တိုင်ချမှတ်ထားတဲ့ ဥပဒေတွေကို
မလိုက်နာမည့်သူတော့ မဟုတ်လောက်ဘူး ထင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြရပါမယ်။
ဒီတခါဆန္ဒထုတ်ဖော်ရတဲ့ အကြောင်းအရင်းကလည်း ပြည်တွင်းဂျာနယ်တွေရော၊
နိုင်ငံခြားသတင်းဌာနတွေထဲမှာလည်း တချို့တ၀က် ပါပြီးလောက်ပါပြီ…။ ၁၉၉၈
ခုနှစ်တ၀ိုက်လောက်က အနော်ရထာ စက်မှုဇုန်စီမံကိန်းဆိုပြီးတော့
အစိုးရက(အိုးအိမ်) နေပြီး လယ်သမားတွေဆီက လယ်မြေတွေကို သိမ်းယူခဲ့ပါတယ်။
နေရာကတော့ လှိုင်သာယာ အနော်ရထာစက်မှုဇုန်စီမံကိန်းပါ။
မြို့ရွာနဲ့အိုးအိမ်ဦးစီးဌာနရဲ့ နည်းဥပဒေတွေထဲမှာ စက်မှုဇုန်စီမံကိန်းကို
လုပ်ပိုင်ခွင့်သတ်မှတ်ပေးထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီမျိုးက (၃) လအတွင်း
အကောင်အထည်ဖော်ရပါမယ်လို့ ပြဋ္ဌာန်းထားပါတယ်..။ (၁၄) နှစ်ရှိပါပြီ အကောင်အထည်
မဖော်နိုင်ခဲ့တာ…။ ကိုယ်တိုင်ကိုယ်ကျသွားရောက်လေ့လာပြီးဖြစ်တယ်..။
လယ်သမားတွေ လယ်ပြန်တောင်းတော့မှ ခြံစည်းရိုးတွေလာခတ်၊ အဲဒီနေရာမှာ နေကြတဲ့
ပျံကျတွေကို အတင်းမောင်းထုတ်၊ အဲဒီနေရာက အခြေခံလူတန်းစားတွေအတွက်
ရပ်ကွက်မရှိ၊ မှတ်ပုံတင်မရှိ၊ သန်းခေါင်စာရင်းမရှိ၊ အမိုးမရှိ၊ အကာမရှိ၊
ရပ်ကွက်လူကြီးမရှိနဲ့ မရှိတာတွေ တော်တော်များပါတယ်..။ အဲဒီသူတွေအားလုံးက
ကျွန်တော်တို့ ပြည်သူတွေပါပဲဗျာ..။ တခြားသူတွေမဟုတ်ပါဘူး..။ ဒဲ့ပြောရရင်
နိုင်ငံရေးပါတီတွေအတွက် မဲထည့်ပေးမယ့် အာဏာအစစ်အမှန်ပိုင်ရှင်ဖြစ်တဲ့
ပြည်သူတွေပါ..။ နိုင်ငံသားအခွင့်အရေးတွေ တော်တော်လေးကို
ဆုံးရှုံးနေကြပါတယ်..။ ကိုယ်ချင်းစာတရားသာ ရှိရင် ကျွန်တော်တို့နိုင်ငံမှာ
ဒီလိုအဖြစ်အပျက်မျိုးတွေ မရှိသင့်၊ မဖြစ်သင့်တော့ ဘူးလို့ ထင်ပါတယ်..။
လယ်ဧကပေါင်း ၁၀၀၀ ကျော်မှာ ၁၄ နှစ်လုံးလုံး
စက်မှုဇုန်စီမံကိန်းကိုအကောင်အထည်ဖော်နေတာ ၁၀
ရာခိုင်နှုန်းတောင်မပြီးသေးဘူး…။ အဲဒီအတွက်ကြောင့် လယ်ယာမြေဥပဒေအသစ်မှာ
ပြဋ္ဌာန်းထားတဲ့ တရားဥပဒေနဲ့အညီ မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာနကနေပြီးတော့
အဲဒီလယ်ယာမြေတွေကို သက်ဆိုင်ရာလုပ်ပိုင်ခွင့်ချပေးထားတဲ့ ကုမ္ပဏီတွေဆီကနေ
ပြန်လည်သိမ်းယူပေးဖို့ ဆန္ဒထုတ်ဖော်နေတာ ဖြစ်ပါတယ်…။
အချုပ်ပြောရရင် ဦးစီးဌာနတခုကနေ ချမှတ်ထားတဲ့ နည်းဥပဒေကို
ကိုယ်တိုင်မလိုက်နာပဲ တရားဥပဒေကိုချိုးဖောက်နေတာတွေကို ပြည်သူလူထုကြီး
သိဖို့လိုအပ်ပါတယ်…။ မြို့ရွာနဲ့
အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနကနေချမှတ်ထားတဲ့ နည်းဥပဒေကို
မြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနကိုယ်တိုင် မလိုက်နာတာကို
ပြည်သူလူတွေသိဖို့၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေသိဖို့၊
သမ္မတကြီးကိုယ်တိုင်သိဖို့ အတွက် ဆန္ဒထုတ်ဖော်နေကြပါတယ်…။
ဒီလိုဆန္ဒထုတ်ဖော်ပွဲတွေကို အကြောင်းပြုပြီး လူထုအုံကြွမှုဖြစ်မှာလားဆိုတဲ့
မေးခွန်းအပေါ်မှာ ဖြေရမယ်ဆိုရင် မဖြစ်ပါဘူးလို့ ဖြေရမှာပါပဲ..။ ပြည်သူလူထုက
သူတို့အလုပ် သူတို့လုပ်နေကြပါတယ်..။ ကျွန်တော်တို့ကလည်း လက်တွေ့ကျတဲ့
နိုင်ငံရေးကို လုပ်နေတာပါ..။ ကလောင်နဲ့နိုင်ငံရေးလုပ်တာ ထက်စာရင်
နေပူထဲမှာ၊ မိုးရွာထဲမှာ၊ လူမြင်ကွင်းမှာ ပိုစတာလေးကိုင်ပြီး
ထိုင်တာပဲဖြစ်ဖြစ်၊ မတ်တပ်ရပ်တာပဲဖြစ်ဖြစ် လုပ်ရတာဟာ ခက်ခဲပါတယ်..။
လုပ်ဘူးတဲ့သူတွေ သိပါတယ်..။ ဒါကြောင့် ကိုယ်တိုင်လုပ်ကြည့်ကြပါလို့
တိုက်တွန်းချင်တာပါ…။ ကိုယ်တိုင်မလုပ်နိုင်ရင် ပံ့ပိုးပါ…။
ဆန္ဒထုတ်ဖော်တဲ့သူတွေကို ရေတိုက်လို့ရတယ်…။ အစားအစာကျွေးချင်ရင်
ကျွေးလို့ရတယ်….။ တိုင်းသိပြည်သိစေချင်ရင် ကိုယ်တိုင်လာ၊ ကိုယ်တိုင်လုပ်၊
နိုင်ငံရေးလောကမှာ အဲလိုလူမျိုး တွေများများလိုအပ်တယ်..။
ဦးဝင်းချိုကိုယ်စား၊ ဖိတ်ခေါ်ပေးတယ်…။ နေပူထဲမှာပဲဖြစ်ဖြစ်၊
မိုးရွာထဲမှာပဲဖြစ်ဖြစ် တနာရီလောက် မတ်တပ်ရပ်ကြည့်စမ်းပါ..။ ကျွန်တော်တို့
ခန္ဓာကိုယ်တွေက ဘာသားနဲ့ ထုထားတာမို့လို့လည်း..။ ချမ်းပါတယ်..။
တော်တော်လေးကို ချမ်းပါတယ်…။
နိုင်ငံရေးနဲ့ ပက်သက်တဲ့ မူဝါဒတခုအပေါ်မှာ တူတာတွေတွဲလုပ်ကြမယ်ဆိုရင်
တောင်သူလယ်သမားတွေအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တိုက်ပွဲဝင်ပေးနေတဲ့
ဦးဝင်းချိုကို လေးစားမိပါတယ်..။ အဲဒီ့အချက်က ကျွန်တော့်မူဝါဒနဲ့ တူပါတယ်..။
အဲဒါကြောင့် ကျွန်တော်ထက်အောင် အိုးအိမ်ရုံးရှေ့ဆန္ဒထုတ်ဖော်ပွဲမှာ
ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်..။ နောက်နေ့တွေလည်း ပါဝင်ဦးမှာပါ…။ ကျွန်တော်နဲ့
အတူတူ မြေသြဇာက ချာတိတ်တယောက်ရယ်၊ အကျဉ်းသားလွတ်မြောက်ရေးတောင်းဆိုခဲ့တဲ့
ကိုဝေဠုရယ်၊ ပူတာအိုအကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ မထက်ထက်ဦးဝေရယ်၊
နောက်ထပ် လယ်သမားထဲက တယောက်ရယ်ပါ။ နောက်ထပ် အစ်ကိုတယောက် ပါပါသေးတယ်..။
သူ့နာမည်က အောင်စိုးပါ…။
အားလုံးဟာ ညီရင်းအစ်ကိုမောင်နှမတွေလိုပါပဲ…။ တောင်သူလယ်သမားတွေအတွက်
ပြည်သူလူထုအတွက် ကလောင်နဲ့တင်တိုက်ပွဲဝင်တာ အားမရလို့
ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့တာကို ဂုဏ်ယူပါတယ်..။ ပွင့်လင်းမြင်သာမှုဆိုတာကို
ချပြလိုက်ပါပြီ..။ ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ်မိတ်ဆွေများ၊
ညီအစ်ကိုမောင်နှမများနှင့် ရဲဘော်ရဲဘက်များကို ပြောကြားလိုတာက
ကျွန်တော်လုပ်နိုင်သမျှတောာ့ နိုင်ငံရေးကို လုပ်သွားပါမယ်
ဘယ်သူနဲ့ပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့စည်းနဲ့ပဲဖြစ်ဖြစ်၊ ဘယ်ပါတီနဲ့ပဲဖြစ်ဖြစ်
တူတာတွေကို လက်တွဲပြီး လုပ်ဆောင်သွားမယ်ပါမယ်လို့ ကတိပြု ပြောကြားလိုပါတယ်
နိုင်ငံရေးမှာ အမြဲတမ်း ရန်သူမရှိပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းသာရှိခဲ့ရင်၊ သိခဲ့ရင် ဘယ်လိုပုံစံဖြစ်မယ်ဆိုတာကို
မနေ့က ကိုဝင်းချိုတို့၊ ကိုဝေဠုတို့နဲ့ စကားလက်ဆုံကျဖြစ်တာကတော့
ဝန်ကြီးများရုံးမှာသာ အဲလိုအချိန် တို့ဗိုလ်ချုပ်ရှိခဲ့ရင်
ကိုယ်တိုင်ကားကို မောင်းချလာ အိုးအိမ်ရှေ့က သံဘာချာတံခါးကြီးကို
ကိုယ်တိုင်ဆွဲဖွင့် ဆောင့် ဆောင့်ဆောင့်ဆောင့်နဲ့ အပေါ်ထပ်အထိတက်သွားပြီး
တာဝန်ရှိသူတွေကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောမလား၊ ဆိုမလားလို့တောင်
တွေးမိကြပါသေးတယ်..။ ဒီကနေ့ သမ္မတကြီးနဲ့ တကွ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ၊
ဦးစီးဌာနတွေက လုပ်ပိုင်ခွင့်တွေ အများကြီးရှိပေမယ့် တာဝန်ကိုလည်းသိဖို့၊
ကျေဖို့ လိုပါသေးတယ်..။ ဘယ်လိုဖြေရှင်းမလည်းဆိုတာကို စောင့်ကြည့်ရပါဦးမယ်
မဖြေမရှင်းသေးသမျှ ကာလပတ်လုံး ရုံးဖွင့်ရက် နေ့စဉ် နံနက် ၁၀ နာရီခွဲမှ ညနေ ၃
နာရီခွဲအထိ ဆက်လက်ပြီးဆန္ဒ ထုတ်ဖော် ဦးမည်ဖြစ်ကြောင်း
သတင်းပါးလိုက်ပါတယ်..။ ပြည်သူတွေလည်း မိမိတို့မှာရှိတဲ့
နိုင်ငံသားအခွင့်အရေးတွေကို တောင်းဆိုတတ်ဖို့ တပ်လှန့်
နှိုးဆော်လိုက်ပါတယ်..။ ကျွန်တော်တို့အားလုံးမှာ ရပိုင်ခွင့်တွေ၊ တာဝန်တွေ
ရှိပါတယ်…။ ရိုးရိုးသားသားတောင်းဆိုကြပါ၊ အကြမ်းမဖက်ပါနဲ့၊ မညစ်ပတ်ပါနဲ့
အနှေးနဲ့အမြန်တော့ရမှာပါ…။ စိတ်ရှည်ဖို့လိုတယ်၊ သည်းခံဖို့လိုတယ်.။
ကျွန်တော်တို့လုပ်ရပ်နဲ့ ပက်သက်ပြီး မြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးမှု
ဦးစီးဌာနအနေနဲ့ ရှက်တတ်ရင် လဲသေလိုက်လို့ရပါပြီ..။
တခုကျန်သွားလို့ပါ..။ အဲလိုဆန္ဒထုတ်ဖော်ရင်ဖမ်းမှာလားဆိုတဲ့ မေးခွန်းကိုတော့
မဖြေတော့ပါဘူးနော်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်လည်း အဖမ်းခံရရင်
ဒီစာကို ရေးတောင်ရေးနိုင်မှာ မဟုတ်ပါဘူး..။
ပြည်သူလူထုနဲ့ အမြဲတမ်းအတူတူရှိနေဦးမည့်……..
လေးစားစွာဖြင့်
ထက်အောင် (၁၊၆၊၂၀၁၂)
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။