ဒေါ်အောင်ဆန်းစုကြည်၏
ထိုင်းနိုင်ငံခရီးစဉ်အတွင်း ပြင်ဆင်ထားသော အစီအစဉ်တချို့ကို
ပြောင်းပေးခဲ့ရသည်ဟု သူ၏ လုံခြုံရေးအရာရှိ ကိုခွန်သာမြင့်က BBC သတင်းဌာနကို
တနင်္ဂနွေနေ့က ပြောလိုက်သည်။
မည်သည့် ဖိအား၊ မည်သည့်အခက်အခဲတို့ကြောင့် ပြောင်းလဲရခြင်းဖြစ်ကြောင်း သူက တိတိကျကျ ပြောဆိုသွားခြင်း မရှိပေ။
“အခက်အခဲက နှစ်နိုင်ငံဆက်ဆံရေး ပါပါတယ်၊ အစိုးရချင်းဆက်ဆံရေး ပါပါတယ်၊
ပြည်သူ ပြည်သူချင်း ဆက်ဆံရေး ပါပါတယ်၊ အဲဒီထဲမှာ ကျနော်တို့ လှုပ်ရှားရတာပါ၊
အဲဒီတော့ လှုပ်ရှားတဲ့ဟာမှာ အပေးအယူ၊ အတိုးအလျှော့တွေ လုပ်ရတာ တချို့
ရှိပါတယ်။ အဲဒီလောက်ပဲ ကျနော် ပြောလို့ရမယ် ထင်ပါတယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိ ကိုခွန်သာမြင့်က ပြောသည်။
NLD က ဆက်သွယ်လာခြင်း မရှိသဖြင့် ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲ
ဖြစ်ခဲ့ရသည်ဟူသော ထိုင်းနိုင်ငံခြားရေးဌာနအရာရှိတဦး၏ ပြောဆိုချက်ကိုလည်း
သူက ငြင်းဆိုလိုက်သည်။
“အဲဒါတော့ မဟုတ်ပါဘူး၊ ကျနော်က အစောကြီး ကြိုထွက်ပါတယ်၊ အစောကြီး ဆိုတာ
ငါးရက်လောက် ကြိုထွက်တာ၊ အဲဒီ မတိုင်ခင်လည်း ကျနော်တို့
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနဲ့ အကြိမ်ကြိမ် ဆက်သွယ်ပြီးမှ
ကျနော်တို့ ထွက်တာပါ” ဟု သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေးမီက ဘန်ကောက်မြို့
ကမ္ဘာ့စီးပွားရေးညီလာခံသို့ တက်ရောက်ပြီး ထိုင်းနိုင်ငံရောက်
မြန်မာပြည်သားတို့နှင့် တွေ့ဆုံရန် စီစဉ်ခဲ့သည်။
စီစဉ်ထားသည့်အတိုင်း ဘန်ကောက်မြို့အနီးရှိ မြန်မာအလုပ်သမားတို့နှင့်
တွေ့ဆုံခဲ့သည်။ ရာထောင်ချီသော အလုပ်သမားတို့နှင့် တွေ့ဆုံစဉ်
အသံချဲ့စက်သုံးပြီး စကားပြောကြားခဲ့သည်။
သို့သော်လည်း နယ်စပ်ဒေသရှိ ဒုက္ခသည်များထံ သွားရောက် တွေ့ဆုံရာတွင်မူ
ထိုသို့ ပြောဆိုခြင်း မတွေ့ခဲ့ရပေ။ မဲဆောက်မြို့တွင်
မြန်မာ့အရေးလှုပ်ရှားသူတချို့နှင့် တွေ့ဆုံမည့်အစီအစဉ်ကိုလည်း
ဖျက်လိုက်ရသည်ဟု သတင်းများက ဆိုသည်။
၆ ရက်ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ပုံမှန်ထက်ပိုပြီး
ဆောင်ရွက်ပေးခြင်း မပြုရန် မြန်မာအစိုးရက ထိုင်းအစိုးရထံ
တောင်းဆိုခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။